BREAKING
January 24, 2025

ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာဖြင့် ပစ်သတ်ခံရ

January 24, 2025

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီရဲစခန်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ ဇန်နဝါရီလ ၂၄ရက် နေ့လယ်ပိုင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့များ ပူးပေါင်း ပါဝင်သည့် ဒူရကစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ယင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ရုပ်သံမှတ်တမ်းတွင် မော်တော်ကားတစ်စီးဘေးတွင် အရပ်ဝတ်ဖြင့် စစ်ဆေးနေသည့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်၍ လဲကျသွားသည်ကို တွေ့ရသည်။

“အရပ်ဝတ်နဲ့ အောက်ဂိတ်မှာ လေးယောက်စစ်နေတာ စနိုက်ဘာနဲ့ ပစ်တာ တစ်ယောက်မှန်သွားတယ်။ အပေါ်စခန်းမှာ လည်း စစ်သားတွေရှိတယ်။ ဖြစ်ပြီးမှ ဆင်းလာကြတယ်” ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လမ်းကို ခေတ္တပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

“စစ်သားတစ်ယောက်သေသွားတော့ နည်းနည်းလန့်နေရတယ်။ စစ်တပ်ဘက်က ထိရင် ပုံမှန်လုပ်နေကြအတိုင်း ညဘက် လက်နက်ကြီးတွေ ပစ်တာမျိုးလုပ်မှာစိုးလို့ (ဒေသခံ) အချို့တွေက (နေရာ) ခဏပြောင်းနေနေကြတယ်” ဟု ပကာရီရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂ ရက်ကလည်း ထားဝယ်မြို့နှင့် ရှစ်မိုင်သာဝေးသည် မဲချောင်းစစ်ကောင်စီစခန်းကုန်းကို ဒူရကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။