တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ရိက္ခာ၊ လက်နက်ခဲယမ်းတင်လာသည့်ယာဉ်တန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဇန်နဝါရီလ ၂၁ရက်နှင့် ၂၂ရက်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဇန်နဝါရီ ၂၁ရက် ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းတစ်ခုကို ပြည်ထောင်စု ကားလမ်းမပေါ် တွင် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းတွင် အင်အားနှစ်ရာဝန်းကျင်ပါပြီး စစ်ကောင်စီ၏ ဇဝဲရွာအခြေစိုက် အမှတ် (၅၅၆)ခြေမြန်တပ်ရင်းက တိုက်ပွဲပြင်းထန်နေသည့် သိန်ခွန်းရွာဘက်ကို စစ်ကူသွားမည့်စစ်ကြောင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့(စကစ)က တိုက်ခိုက်ခံရပြီးနောက်ပိုင်းကစပြီး ဇဝဲတပ်ကနေရော အမြောက်တပ်ကနေပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် မကြာမကြာပစ်နေတာ (ဇန်နဝါရီလ) ၂၃ရက်အထိပဲ။ သူတို့ဘက်က ထိခိုက်တာတွေလည်း ရှိတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ထို့အပြင် ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ မော်တုန်းရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းက ထွက်လာသည့် ကားခြောက်စီးအနက်သုံးစီးကို ပြည်ထောင်စုလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
အဆိုပါ ယာဉ်တန်းတွင်လည်း အင်အား တစ်ရာကျော်နှင့် ရိက္ခာ၊ လက်နက်ခဲယမ်းများ တင်ဆောင်လာပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် သိန်ခွန်းရွာဘက်ကို စစ်ကူပို့မည့်ယာဉ်တန်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားယာဉ်မောင်းတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြသည်။
“အဲဒီကားသမားကို သူတို့ (စကစ) ဘက် ချောဆွဲခံထားရတာလားတော့ မသိဘူး။ တပ်ရင်းကနေထွက်လာတော့ ကားမှာ တာလပတ်လည်း အုပ်လာတယ်။ စစ်ကောင်စီကားတွေနဲ့ အနီးကပ်လိုက်လာတယ်ဆိုတော့ စစ်ကားပဲထင်ပြီး မိုင်းဆွဲလိုက် တာ။ အခုလို အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကျွန်တော်တို့အလွန်စိတ်မကောင်းဖြစ်ရပါတယ်” ဟု တနင်္သာရီမြို့နယ် ပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရိက္ခာယာဉ်တစ်စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟု ဒေသခံများနှင့် မြေပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကပြောဆိုကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ် သည်။
ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ရက်မှစတင်ကာ စစ်ကောင်စီ တပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေ သည်။
မြိတ်နှင့် တနင်္သာရီမြို့နယ်တွင် စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီကအရပ်သားကားများကို စစ်ရေး အကျိုးအမြတ်ရရှိရန် လုပ်ဆောင်နေသဖြင့် မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းကို အသုံးပြုသွားလာခြင်းကို တားမြစ်ကြောင်း တိုင်းစစ်ဌာန (တနင်္သာရီ) က ဇန်နဝါရီလ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။