လောင်းလုံးမြို့နယ်၊ ကျေးရွာကျေးရွာတွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။
ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် ဦးအောင်မိုးဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မိခင်ဖြစ်သူ အလုပ်ထွက်လုပ်ချိန် တစ်ယောက်တည်းရှိနေသည့် ကလေးငယ်ကို သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် မျက်မြင်တွေ့ရှိသည့် ကလေးများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောဆိုသည်။
“သူ့အမေက ပလုံကောက် အဝတ်လျှော်သွားနေတုန်း ကလေးက ဟိုသွားဒီသွားသွားနေတာပေါ့။ အဲဒါကို (အဓမ္မပြုကျင့် တာကို) ကစားဖော်ကလေးတွေကတွေလို့ ပြန်ပြောရာကနေ သိရတယ်။ ကလေးကို ချော့ပြီးမေးတော့ ဖိုးအောင်မိုး လုပ်လို့ နာတယ်ဆိုပြီး ဖြေတယ်။ ပြီးရင်လည်း မုန့်ဖိုး နှစ်ရာ ပေးတယ်ဆိုပြီး ကလေးကပြန်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသားကို ဇန်နဝါရီလ ၂၀ ရက်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောဆိုသည်။
“(ဖမ်းဆီးထားတာ) ဒီဖြစ်စဉ်မှန်ပါတယ်။ လွန်ခဲ့တဲ့လေးရက်လောက်က ကျွန်တော်တို့ သွားရောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်” ဟု ကိုရှဲဒိုးက ပြောသည်။
အဓမ္မပြုကျင့်သူမှာ အဆိုပါမိန်းကလေးငယ်နှင့် ဆွေမျိုးတော်စပ်သူလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မြိတ်မြို့တွင် ဖခင်ရင်းဖြစ်သူက သမီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သေးသည်။