မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၃၁ ကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၃ရက် နံနက် ၈နာရီဝန်းကျင်က ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့လုပ်နေကျအတိုင်းပဲ (ခလရ) ၃၁ ကနေ လက်နက်ကြီးတွေ လှမ်းထုတာရှိတယ်။ သူတို့ဘက်က ထိသွားတာရှိတယ်လို့ သိရပေမယ့် ဘယ်နှစ်ဦးလဲတော့ အတိအကျမသိဘူး” ဟု ခေါဇာမြို့ခံလူငယ်တစ်ဦးက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကမူ ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦး သေဆုံးပြီး၊ သုံးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Dawei Watch သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ခလရ ၃၁ တပ်ရင်းကို မွန်ပြည်သစ်ပါတီ NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရေးတောင်ပိုင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်တိုက်ခိုက် လေ့ ရှိသည့်အပြင် လက်ရှိတွင်လည်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ကြား စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ ၁၉ နှင့် လေးမိုင်ခန့်ဝေးသည့် ကျုံလောင်းရွာဟောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ရေး တောင်ပိုင်းဒေသတွင် နှစ်ဖက် စစ်ရေးတင်းမာနေသည်အနေအထားရှိပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်အသုံးပြု တိုက်ခိုက်မှုလည်း ရှိနေသည်။