ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးသည် အသက် ၉နှစ်အရွယ် ထိုင်းကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြိုးစားသော်လည်း ခုခံခဲ့သဖြင့် ကလေးငယ်ကို လည်ပင်းညှစ်သတ်ပြီး အလောင်းဖျောက်ခဲ့ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၂၂ရက် ညနေ ၄နာရီခွဲခန့်က ကလေးငယ်တစ်ဦး ပျောက်ဆုံးနေသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးကြရန် မိသားစုဝင်များက ဆိုရှယ်မီဒီယာပေါ်သို့ တင်ခဲ့ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြား၍လည်း အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။
ပျောက်ဆုံးနေသူသည် အသက် ၉နှစ်အရွယ် ထိုင်း ကျောင်းသားကလေးငယ်သည် အနီးအနားက စတိုးဆိုင်သို့ သွားမည်ဟု အဘွားကို ပြောခဲ့ပြီး အိမ်သို့ပြန်လည် မရောက်လာတော့ကြောင်း အဘွားဖြစ်သူက ပြောသည်။
ကလေးငယ်ပျောက်ဆုံးနေသဖြင့် အဘွားဖြစ်သူက နေထိုင်ရာအခန်းနီးက ကလေးငယ်နှင့်ရင်းနှီးသော အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ရိုတီ (ပလာတာ) အရောင်းသည်ကို မေးမြန်းကြည့်ရာ ကလေးငယ်ကို စတိုးဆိုင်ထဲ ပို့ထားခဲ့ကြောင်း ဖြေသည်ဟု ဖော်ပြသည်။
မြန်မာ အမျိုးသားသည် ကလေးငယ်နှင့် ရင်းနှီးသူဖြစ်ပြီး ကလေးငယ်ကို ဖုန်းပေးဆော့လေ့ရှိသည့်အပြင် စတိုးဆိုင်သို့ ခေါ်သွားကာ မုန့်ဝယ်ကျွေး၍ ၁၀ ဘတ်တန် ငွေအကြွေစေ့များ ပေးလေ့ရှိကြောင်း အဘွားဖြစ်သူ ပြောသည်။
ကလေးငယ်ကို စတိုးဆိုင်ထဲ ပို့ခဲ့ကြောင်း ပြောသဖြင့် အဘွားဖြစ်သူက ကားလမ်းများကြား စိတ်ပူပြီး သွားကြည့်ရာတွင် ကလေးငယ်ကို မတွေ့ရတော့ကြောင်း ဆိုသည်။
ထိုမှတစ်ဆင့် ကလေးငယ်၏ အဘွားနှင့် မိခင်ဖြစ်သူတို့က ရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့ပြီး ရပ်ကွက်လူကြီးထံ အကြောင်းကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကလေးပျောက်ဆုံးမှုအတွက် ရဲတပ်ဖွဲ့က အနီးအနားက CCTV များမှတစ်ဆင့် လိုက်လံစုံစမ်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ရိုတီအရောင်းသည်က ကလေးငယ်နှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ယင်းသက်သေကြောင့် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားကို ဇန်နဝါရီလ ၂၃ရက်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ကလေးငယ်ကို သတ်ဖြတ်ပြီး အလောင်းကို ရေကန်ထဲသို့ စွန့်ပစ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။
ယင်းနောက် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ ရေကန်ထဲတွင် ကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့သည်။
ကလေးငယ်ကို စတိုးဆိုင်သွားမည်ဟု လိမ်လည်ပြီး သူငါးဖမ်းလေ့ရှိရာ ရေကန်ရှိသော ချုံထဲသို့ ဆိုင်ကယ်ဖြင့် တင်ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။
ရေကန်အနီးရောက်သောအခါ ကလေးငယ်၏ အင်္ကျီ၊ ဘောင်းဘီကို ဖယ်၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြိုးစား ခဲ့သော်လည်း ကလေးငယ်က လက်မခံခဲ့ဘဲ ပြန်လည်ခုခံခဲ့ကြောင်း ဆိုသည်။
ထို့ကြောင့် ကလေးငယ်ကို နွယ်ပင်ဖြင့် လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို ရေကန်ထဲပစ်ချကာ အိမ်သို့ ပြန်လာကာ ပုံမှန်အတိုင်း ရိုတီ (ပလာတာ) ဆိုင်ဖွင့်၍ ပြန်လာရောင်းနေခဲ့ကြောင်း ဖော်ပြသည်။
ကလေးငယ်ကို အဓမ္မ မပြုကျင့်ရသေးကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုထားသော်လည်း ရဲတပ်ဖွဲ့က မှုခင်းဆေးပညာအရ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာအမျိုးသားသည် လွန်ခဲ့သော ၂နှစ်ခန့်က မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ပြီး နေရပ်ပြန်ပို့ခံထားရသူ ဖြစ်ကာ ပြီးခဲ့သော နှစ်လခန့်ကမှထိုင်းသို့ ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ကလေးငယ်ကို ဖြားယောင်းသွေးဆောင်ပြီး ပြန်ပေးဆွဲမှု၊ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အလောင်းဖျောက်မှု၊ တရားမဝင် ဝင်ရောက်လာမှုများဖြင့် မြန်မာအမျိုးသားကို အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: The Thaiger, Khaosod, Thairath, Amarin TV