BREAKING
January 23, 2025

နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီက တောင်သူများကို ပစ်မှတ်ထားလာ

January 24, 2025

တနင်္သာရီတိုင်းအတွင်း နယ်မြေစိုးမိုးရေး ပြန်ရရန် ပွင့်လင်းရာသီစတင်ချိန်မှစကာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် စစ်ကောင်စီမှာ တောင်သူများကိုပါ ပစ်မှတ်ထားလုပ်ဆောင်ရန် ညွှန်ကြားချက် ထုတ်လာခဲ့ပြီဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ တောင်သူများကို ဥယျာဉ်ခြံများအတွင်း ညအိပ်နေထိုင်ခွင့် မပေးတော့ဘဲ ကျေးရွာများအတွင်းရှိ နေအိမ်များတွင်သာ ပြန်လည်နေထိုင်ရမည့် အစီအစဉ်ကို စတင်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့တင်းကျပ်ရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)က ၎င်း၏ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များကို ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ညွှန်ကြားလိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ယင်းညွှန်ကြားချက် ထုတ်ရသည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တော်လှန်ရေးသမားများ နယ်မြေကျဉ်းလာစေရေး သို့မဟုတ် ကျေးရွာများကို ခံစစ်အသွင် လုပ်ဆောင်ခြင်းဖြစ်ဖွယ်ရှိသည်။

လက်တွေ့တွင် ယင်ညွှန်ကြားချက်အတိုင်း ဖြစ်လာပါက ဒေသခံများမှာ ပိုမိုကျပ်တည်းခက်ခဲသည့် အခြေအနေကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

မနက်သွားညပြန်

တောင်သူများကို တောင်ယာများအတွင်း နေထိုင်ခွင့်မပေးတော့ဘဲ ကျေးရွာများအတွင်း အတည်တကျ အိမ်ဆောက်ပြီးနေထိုင်ကြရန် ကန့်သတ်ရမည်ဖြစ်ကြောင်း ကရခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ကျေးရွာအတွင်းနေထိုင်သူများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရွာအပြင်ထွက်ခွင့်ပေးရန်နှင့် သတ်မှတ်ချိန်အတွင်း ရွာအပြင်ထွက်ပါကလည်း နီးစပ်ရာစစ်ကောင်စီတပ်စခန်းများတွင် ရွာပြင်ထွက်ခွင့် လက်မှတ်သွားယူပြီးမှ သွားလာခွင့်ပေးရန် တင်းကျပ်လိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ရွာသားများမှာ ညနေ ၆ နာရီအမီ နေထိုင်ရာရွာကို ပြန်လာရမည်ဖြစ်ပြီး ရွာပြန်ရောက်လာပြီဖြစ်ကြောင်း ကိုလည်း စစ်ကောင်စီတပ်စခန်းထံသတင်း ပို့ကာ အပြင်ထွက်ခွင့်လက်မှတ်ကို ပြန်အပ်ရမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ညဘက်ရွာပြင်မထွက်ရန် ကန့်သတ်တားမြစ်လိုက်မည်ဆိုပါက အရေးပေါ်ကျန်းမာရေး၊ လူမှုရေးကိစ္စများတွင် ကြီးမားသည့်ခက်ခဲမှုများ ကြုံလာရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ်အတွင်းရှိ ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

၎င်းမှာ ကျေးရွာအတွင်း နေအိမ်ရှိသော်လည်း ရော်ဘာခြံအတွင်းမှာပင် ညအိပ်နေထိုင်လေ့ရှိသူဖြစ်သည်။

“ကျန်းမာရေးအရ အရေးပေါ်သွားရမယ့်အခြေအနေမျိုးဆိုရင် ကိုယ်တွေမှာက ဒုက္ခဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်တွင် ‘တောင်ယာ’ ဟု သုံးနှုန်းထားသည့် အတွက် ရော်ဘာခြံ၊ ကွမ်းသီးခြံများ အကျုံးဝင်ခြင်းရှိ၊ မရှိကို ကွဲကွဲပြားပြား မသိရသေးပေ။

ဒေသခံများကမူ ‘တောင်ယာ’ဟုဆိုလိုက်လျှင် ပြောင်း၊ ရာသီပေါ်သီးနှံများနှင့် တောင်ယာစပါးများ စိုက်ပျိုးသည့်နေရာများဟု သတ်မှတ်ခေါ်ဝေါ်ကြပြီး ရော်ဘာ၊ ကွမ်းသီးစိုက်သည့်နေရာများကိုမူ ဥယျာဉ်ခြံအဖြစ် သတ်မှတ်ခေါ်ဝေါ်လေ့ရှိသည်။

သို့ရာတွင် တနင်္သာရီတိုင်းအတွင်းရှိ ‘တောင်ယာ’ အများစုမှာ စစ်ကောင်စီလက်လှမ်းမမီသည့် တောတောင်များ၊ တော်လှန်ရေးတပ် ထိန်းချုပ်နေရာများတွင်သာ ရှိသည်ဖြစ်ရာ ဥယျာဉ်ခြံများကို ရည်ညွှန်းပုံရသည်။

တောင်သူများ အခက်

ထားဝယ်ခရိုင်ရှိ ရော်ဘာြခံပိုင်ရှင်တစ်ဦးကမူ စစ်ကောင်စီတပ်က ထိုသို့ပိတ်ပင်ကန့်သတ်မည်ဆိုပါက တနင်္သာရီတိုင်းအတွင်းရှိ ရော်ဘာခြံလုပ်ငန်းအပါအဝင် အခြားစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများနိုင်ကြောင်း ပြောဆိုသည်။

သာမန်အားဖြင့် ရော်ဘာကို နံနက်စောစော ၁ နာရီဝန်းကျင်တွင် စခြစ်ရလေ့ရှိသဖြင့် ယင်းကဲ့သို့တားမြစ် ကန့်သတ်လိုက်ပါက ရော်ဘာထုတ်လုပ်မှုကျဆင်းကာ လုပ်ငန်းခွင် အခက်အခဲများဖြစ်လာနိုင်ကြောင်း အထက်ပါရော်ဘာခြံရှင်က ဆိုသည်။

ထို့အပြင် ဥယျာဉ်ခြံများမှာ နေထိုင်ရာရွာများမှ နာရီချီ(၂နာရီမှ ၄ နာရီအထိ) သွားလာရသည့် နေရာများတွင်ရှိကြသဖြင့် အလုပ်မတွင်ဘဲ အချိန်ကြန့်ကြာမှုများလည်းရှိနိုင်သလို မီးဘေး၊ သူခိုးဘေးလည်း ပိုကြုံလာနိုင်ကြောင်း၎င်းက ပြောသည်။

“(စစ်ကောင်စီ က) တော်တော်စိတ်ကူးယဉ်ဆန်တာပဲ။ အဲဒီခြံတွေနဲ့ ရွာတွေနဲ့ဆိုရင် ခက်ခက်ခဲခဲ(ဝေးကွာ) သွားရတဲ့ နေရာတွေလေ”ဟု အဆိုပါ ရော်ဘာခြံပိုင်ရှင်က ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းက ရော်ဘာခြံလုပ်နေသူတစ်ဦးကလည်း စစ်ကောင်စီက ယင်းသို့ကန့်သတ်လိုက်မည်ဆိုပါက အလုပ်ဝင်ချိန်နှောင့်နှေးသွားမည်ဖြစ်သည့်အတွက် ရော်ဘာခြစ်မရတော့သည့် အခြေအနေဖြစ်လာနိုင်သည်ဟု ဆိုသည်။

“အချိန်ပေးပြီးလုပ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ်ချိန်နှောင့်နှေးတာတွေကြုံလာရနိုင်တယ်။ ရော်ဘာက မနက် ရှစ်နာရီကျော်သွားရင် ခြစ်လို့အဆင်မပြေဘူး”ဟု အဆိုပါ ရော်ဘာခြံလုပ်နေသူက ပြောသည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကမူ ၎င်းတို့ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် အရပ်သားများကို ဖမ်းဆီးပြီး အရေးယူသွားရန် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များကို ညွှန်ကြားထားသည်။

ရော်ဘာခြစ်ရာသီ၊ ကွမ်းသီးပေါ်သည့်ရာသီတွင် စစ်ကောင်စီက ဗျူဟာအပြောင်းအလဲများ၊ ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်လာသည့်အတွက် တနင်္သာရီတိုင်းသားများအတွက် အခက်အခဲ ကြီးကြီးမားမား ဖြစ်လာနေကြောင်း တောင်သူများက ညည်းတွားပြောဆိုကြသည်။

စစ်ကောင်စီအချက်

ထောက်ခံစာ ယူရမည့် ညွှန်ကြားချက်မှာ စစ်ကောင်စီနှင့် အပေါင်းအပါများအတွက် ချက်ကောင်းဖြစ်လာ ဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရေဖြူမြို့နယ် ဖောင်းတောအုပ်စုရှိ ရော်ဘာခြံလုပ်သားများကို ထောက်ခံစာတစ်စောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက လုပ်ခိုင်းခဲ့ဖူးသည်။

ယင်းအပြင် ထောက်ခံစာ မပါသူများကို ဖမ်းဆီးငွေညှစ်မှု ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ယခုလည်း ထောက်ခံစာ လုပ်သည့်အတွက် ငွေကြေးတောင်းခံသည်မျိုး ရှိနိုင်သလို သတ်မှတ်ချိန်ထက် စောထွက်လိုသူများ၊ သတ်မှတ်ချိန်ထက် နောက်ကျမှ ရောက်မည့်သူများကို နည်းအမျိုးမျိုးဖြင့် ငွေညှစ်နိုင်မည့် အခွင့်ကောင်းရသွားမည်ဖြစ်သည်။

ယင်းအပြင် ဒေသခံပြည်သူများမှာလည်း သတ်မှတ်ချက် မလိုက်နာသဖြင့်ဆိုကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်ခံရဖွယ်ရှိနေသည်။

စစ်ကောင်စီ ညွှန်ကြားချက် ဘယ်လဲ

စစ်ကောင်စီညွှန်ကြားချက်တွင် ဒေသခံများကို တောင်ယာများအတွင်း နေထိုင်ခွင့်ကန့်သတ်လာခြင်းက ၎င်းတို့၏ တပ်စခန်း၊တပ်ရင်း၊တပ်ဖွဲ့များအတွက် ခံစစ်ပြင်ဆင်ရန် လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ခံက မှတ်ချက်ပြုသည်။

“ကျွန်တော့် အမြင်အရဆိုရင်တော့ ခံစစ်ကိုသေချာပြင်ဆင်ပြီးရင် တချို့နေရာတွေကိုလည်း ထိုးစစ်ဆင်မလားပဲ”ဟု ပုလောပကဖ တာဝန်ခံက ပြောသည်။

လက်ရှိတွင်ပင် တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေချိန်တွင် ပုလောမြို့နယ်အတွင်း ခံစစ်အနေအထားသာရှိနေကြောင်း ၎င်းက ဆိုသည်။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်။

စစ်ကောင်စီကမူ ခရိုင်နှင့် မြို့နယ်မြို့ကြီးများ၊ တံတားကြီးများ၊ တပ်စခန်းများကိုသာ ထိန်းချုပ်ထားနိုင်သည့်အတွက် တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေများကို ပြန်ရရန် အခုနှစ်ပွင့်လင်းရာသီမှစကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြန်လုပ်လာသည်။

ထိုကြောင့်လည်း တပ်စခန်းများ၊တပ်ရင်း၊တပ်ဖွဲ့နေရာများကို ခံစစ်ပြင်ကာ တော်လှန်ရေးတပ်ထိန်းချုပ်နေရာများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရွာပြင်ထွက်ခွင့်ပေးရန် စစ်ကောင်စီတပ်၏ကန့်သတ်ခြင်းက ဒေသခံနှင့် တော်လှန်ရေးတပ်ကို ခွဲခြားလိုခြင်းဖြစ်နိုင်ကြောင်း ပုလောပကဖ တာဝန်ခံက ခန့်မှန်းသည်။

“ည ၆ မနက် ၆ (နာရီ)ဒေသခံ ထွက်ခွင့်မပေးထားဘူးဆိုရင် အဲအချိန် သွားလာလှုပ်ရှားသူတွေက သူတို့အတွက် ရန်သူဆိုတာ လွယ်လွယ်ကူကူ သတ်မှတ်လို့ရသွားမယ်ထင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်ပင် အင်အားအများအပြားဖြင့် စစ်ကြောင်းအလိုက်ချီတက်စစ်ကြောင်းထိုးပါက တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကို မကြာခဏခံနေရသည့်အတွက် ဗျူဟာပြောင်းလဲပြီး သွားလာကြရန် စစ်ကောင်စီတပ်က ညွှန်ကြားထားသည်။

အင်အားအလုံးအရင်းဖြင့် ချီတက်မည့်အစား ပြောက်ကျားစနစ်သုံးကာ အဖွဲ့ငယ်များခွဲပြီး တော်လှန်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

သို့သော် စစ်ကောင်စီ၏ ယင်းဗျူဟာအပြောင်းအလဲများက တော်လှန်ရေးတပ်များအတွက် သက်ရောက်မှုမရှိနိုင်ကြောင်း ပုလောမြို့နယ် ပကဖ တာဝန်ခံက ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ ကြီးကြီးမားမား အခက်အခဲ မရှိနိုင်ဘူး”ဟု ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။