BREAKING
December 23, 2024

မြိတ်မြို့ဝန်းကျင်ရှိ ကြက်ဝိုင်းများ‌ကြောင့်‌ တိုက်ကြက်မွေးသူများလာ

December 23, 2024

ဓာတ်ပုံ - တိုက်ကြက်ရောင်းဝယ်ရေး

မြိတ်မြို့အနီးဝန်းကျင်တွင် ကြက်တိုက်လောင်းကစားဝိုင်းများ စည်ကားနေသည့်အတွက် တိုက်ကြက်မွေးမြူသူ များပြားလာကြောင်း မွေးမြူသူများနှင့် ဝါသနာရှင်များထံမှ သိရသည်။

ပု‌လောမြို့နယ် ရှပ်ပုံရွာ၊ ပိန္နဲတောင်ရွာနှင့် သဲပုံ‌ကျေးရွာများတွင် ပြုလုပ်လေ့ရှိသည့် ကြက်ဝိုင်းများမှာ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် မြိတ်မြို့အနီး ကျွဲကူးရွာနှင့် ဘဘွတ်ကျေးရွာသို့ ပြောင်းရွှေ့လာကြသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ကျွဲကူးရွာနှင့် သဘွတ်ကျေးရွာတို့တွင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် အလှည့်ကျ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ကြက်တိုက်လောင်းကစားဝိုင်းများက နေ့တိုင်းနီးပါးရှိနေသည့်အတွက် တစ်နိုင်တစ်ပိုင်မွေးမြူသူများက စီးပွားဖြစ်မွေးလာကြကြောင်း တိုက်ကြက်မွေးနေသည့် ကဘင်းကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်တော်အသိတစ်ယောက်မှာဆိုရင် မနှစ်က အကောင်တစ်ဆယ်ကျော်လောက်ပဲရှိတယ်။ ဒီနှစ်အကောင် လေးဆယ်လောက်တောင် ရှိနေပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါဒေသတွင် တိုက်ကြက်ကို နှစ်ဦးခန့်သာမွေးမြူရာက လက်ရှိအချိန် ဒေသခံအများစုက မွေးမြူလာကြကြောင်း ယင်းဒေသခံက ဆိုသည်။

တိုက်ကြက်မွေးမြူမှုများလာသလို ကြက်ဝိုင်းများကြောင့် ဝယ်ယူသူလည်း ပိုများလာကြောင်း မွေးမြူသူများက ပြောဆိုသည်။

“ကြက်ပွဲက ဒီနားမှာနေ့စဉ်မပြတ်ရှိ‌နေတော့ တိုက်ကြက်သမားတွေက မွေးအားရော၊ တိုက်အားရော၊ ငွေဖြုန်းအားရော ကောင်းနေတာပေါ့” ဟု ကြက်တိုက်ဝါသနာရှင်တစ်ဦးက ပြောသည်။

ယခင်ကမူ မြိတ်မြို့နယ်အတွင်း မွေးထားသည့် တိုက်ကြက်များကို အနီးအနားရှိ ကြက်တိုက်သည့် ဝါသနာရှင်များနှင့် ပုလောမြို့နယ်ဘက်က အဓိက လာဝယ်ကြရာမှ လက်ရှိတွင် မြိတ်မြို့နယ်အတွင်းနေထိုင်သူများက အများဆုံးလာဝယ် နေကြောင်း တိုက်ကြက်မွေးသူအချို့က ဆိုသည်။

တိုက်ကြက်အဖြစ် မွေးမည့်ကြက်ကို အစမ်းခွပ်ခိုင်းခြင်း (ဒေသအခေါ် -ခွပ်လပ်ထိုး) ခြင်း၊ မျိုးရိုးဗီဇနှင့် ရုပ်လက္ခဏာကို ကြည့်ကာ ဈေးကောင်းပေးဝယ်ယူလေ့ရှိကြောင်း သမုတ်ကျေးရွာနေ ကြက်တိုက်ဝါသနာရှင်တစ်ဦးက ပြောသည်။

“သူက ကြက်ကြမ်းလို ပိဿာချိန်ပြီး ရောင်းရတာမျိုး မဟုတ်ဘူး။ တိုက်ကြက်ကို အကောင်လိုက်ရောင်းရတာပါ။ မျိုးရိုးကလည်းကောင်းပြီး အလျား‌နဲ့ ထောင့် (ကိုယ်လုံး) ဆိုဒ်ဝင်မှ‌ ဈေးကောင်းရတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က အရွယ်ရောက်ပြီး ခွပ်လက်မပေး‌ (အစမ်းမခွပ်ခိုင်းသေး) သေးသည့် တိုက်ကြက်တစ်ကောင်လျှင် ငွေကျပ် နှစ်သောင်းခွဲခန့် ပေါက်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်ငါးသောင်းအထက် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရိုးရိုးအိမ်ကြက်က တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခွဲခန့်သာ ပေါက်ဈေးရှိသည်။

တိုက်ကြက်ကို ကြက်ဝိုင်းတွင် သွားခွပ်ခိုင်းပြီး အနိုင်ရပါက ကျပ်တစ်သိန်းခွဲမှ ကျပ်သုံးသိန်းဝန်းကျင်အထိ ဈေးပေါက်နေ ကြောင်း ကြက်တိုက်ဝါသနာရှင် အခြားတစ်ဦးက ဆိုသည်။

မြိတ်မြို့နှင့် အနီးဝန်းကျင်တွင် ကြက်တိုက်လောင်းကစားဝိုင်း အပါအဝင် အခြားလောင်းကစားဝိုင်းများလည်းရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။