BREAKING
December 23, 2024

ဝမ်းရောဂါအဖြစ်များနေသဖြင့် တာခ့်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ကို တစ်လယာယီပိတ်မည်ဟုဆို

December 23, 2024

ပုံစာ - ထိုင်းစစ်တပ်က ဝမ်းရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ပညာပေးစာစောင်များ ဖြန့်ဝေနေစဉ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပြန့်ပွားနေသဖြင့် တာခ့်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ် တစ်လ ယာယီပိတ်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောသည်။

ကာလဝမ်းရောဂါပြန့်ပွားလာမှုကို ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနတို့က ပူးပေါင်းဆောင်ရွက်ပြီးနောက် နယ်စပ်ကို ပိတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက်လည်း သတ်မှတ်ကာလအတွင်း ထိုင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဖြတ်သန်းသွားလာခြင်း မပြုကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောဆိုသည်။

ရောဂါပြန့်ပွားနေသည့် ကာလအတွင်း ထိုင်းအစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမည် ဖြစ်ပြီး တစ်လအကြာမှသာ ပြန်လည်စဉ်းစားဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာမှု မရှိရေး အနီးကပ်ကြီးကြပ်စစ်ဆေးရန်နှင့် နယ်စပ်သို့ ဝင်ရောက်နိုင်သော သဘာဝလမ်းကြောင်းအားလုံးကိုလည်း ပိတ်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားနှင့် အမှတ် ၂ တံတားကိုမူ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း တံတားအနီးနေ မြန်မာနိုင်ငံသားများထံမှ သိရသည်။

“အခုထိတော့ မဲဆောက်နယ်စပ်မှာ အေးဆေးနေတုန်းပဲ။ နယ်စပ်တံတားလည်း ဖွင့်ထားသေးတယ်” ဟု မဲဆောက်ရှိ ကုန်စည်ပို့ဆောင်နေသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

နယ်စပ်တစ်လပိတ်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောကြားခဲ့သော်လည်း မည်ကဲ့သို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်၊ မည်သည့်ရက်တွင် စတင်ပိတ်သွားမည်တို့ကို အသေးစိတ်ဖော်ပြထားခြင်း မရှိသေးပေ။

နယ်စပ်တစ်လျှောက် ဝမ်းရောဂါထိန်းချုပ်နိုင်ရေးအတွက်လည်း တာ့ခ်ခရိုင်တွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာ (EOC) တစ်ခုကို ဖွင့်လှစ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

တာ့ခ်ခရိုင်ပြည်သူ့ကျန်းမာရေးရုံးတွင် ဖွင့်လှစ်မည့် အရေးပေါ်ကုသရေးစင်တာသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်းရောဂါ ဖြစ်လာနိုင်ခြေရှိသော ကျေးရွာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဒုက္ခသည်စခန်းများကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

စင်တာအနေဖြင့် ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ သောက်သုံးရေ၊ အစားအသောက်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုများ အတွက် ပြည်သူများကို ပညာပေးမည်ဖြစ်ပြီး ဆေးဝါးပိုင်းအတွက်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများရှိရာ စက်ရုံ၊ အလုပ်ရုံများသည် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်တစ်ဖက်ကမ်း မယ်ရမတ်နှင့် မဲဆောက်ခရိုင်များတွင် ရှိနေရာ ပိုအန္တရာယ်ရှိလာသဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ပြီး နှစ်သစ်ကူးကာလတွင် အစားအသောက်များ ဝေမျှစားသုံးမှုကိုလည်း အထူးသတိထားကြရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်။

လက်ရှိအချိန်အထိ ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါဖြစ်ပွားနေသူ ၃၀၀ ခန့်အထိ ရှိပြီး သေဆုံးသူ နှစ်ဦးရှိနေကာ မဲဆောက်တွင်လည်း ဝမ်းရောဂါဖြစ်ပွားသူ နှစ် ဦး ရှိနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနဘက်က ဆိုသည်။

မဲဆောက်ဆေးရုံကြီးတွင် ဝမ်းရောဂါဖြစ်ပွားသူနှစ်ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ထိုင်းဘက်ခြမ်းတွင် ကလေးမွေးဖွားရန် လာသော ကိုယ်ဝန်သည် မြန်မာအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က ပြောဆိုသည်။

ထို့ကြောင့် နယ်စပ်တစ်လျှောက် ပြည်သူများအနေဖြင့် ဝမ်းရောဂါကို ကြိုတင်ကာကွယ်နိုင်ရေး တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ရန်လိုအပ်ပြီး ပူနွေးချက်ပြုတ်ပြီးသော အစားအသောက်များကို စားသုံးရန်လိုအပ်ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Ref: Khaosod English, Bangkok Post, The Nation Thailand