BREAKING
December 23, 2024

ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းထားသည့် ရွာသားတစ်ဦးအသတ်ခံရ

December 23, 2024

ပုံစာ - ကိုအောင်ကြည်သိန်း

ရေဖြူမြို့နယ်၊ ဇာဒီအုပ်စုကို စစ်ကောင်စီစစ်ကြောင်းစဝင်သည့် ဒီဇင်ဘာလ ၁၈ရက်ကတည်းက ဖမ်းဆီးခံထားရသည့် ခွေးမဖောရွာက အမျိုးသားနှစ်ဦးအနက် တစ်ဦး၏အလောင်းကို ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်ရှာတွေ့ကြောင်း ဒေသခံများထံမှ သိရသည် ။

အသက် ၄၀ ကျော်အရွယ် ကိုအောင်ကြည်သိန်း (ခေါ်) ကိုသားငယ်ဟှား၏ ရုပ်အလောင်းကို ပြန်တွေ့ခြင်းဖြစ်ကြောင်း ရွာသားများက အတည်ပြုပြောဆိုသည်။

“ရွာသုသာန်အနားမှာ ပြန်တွေ့တယ်။ စစ်ကြောင်းက အနီးကပ်ရှိနေသေးလို့ မြေမြှုပ်မယ့်ကိစ္စတွေ မလုပ်ပေးရသေးဘူး။ သူက အဖမ်းခံရကတည်းက အတော်အရိုက်ခံထားရတယ်။ အလောင်းကိုက မြေတစ်ဝက်မြှုပ်ပြီး တစ်ဝက်ကို သစ်ကိုင်းခြောက်နဲ့ အုပ်ထားတယ် အနံ့တောင်ထွက်နေပြီ” ဟု ခွေးမဖောရွာသားတစ်ဦးက ပြောသည်။

ကိုအောင်ကြည်သိန်းသည် ဇာဒီအုပ်စု၊ ဒိုက်တကော်ရွာသားဖြစ်ပြီး အိမ်ထောင်ကျပြီးနောက် ခွေးမဖောရွာသို့ ပြောင်းရွှေ့ကာ တောင်ယာအလုပ်ဖြင့် အသက်မွေးနေသူဖြစ်ကြောင်း ရွာသားများက ဆိုသည်။

၎င်းနှင့်အတူ ဖမ်းခေါ်ခံရသည့် အသက် ၁၈နှစ်အရွယ် ကိုဝေဠုကျော်သည်လည်း သတင်းအဆက်အသွယ်မရသေးသဖြင့် မိသားစု အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။

ဇာဒီရွာအတွင်း စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်ထားသည့် ရွာသားနှစ်ဆယ်နီးပါးလည်း ပြန်မလွတ်သေးကြောင်း စစ်ဘေးရှောင်ရွာသားတစ်ဦးက ပြောဆိုသည် ။

“ဖမ်းထားတုန်းပဲ။ ပြန်မလွတ်ကြသေးဘူး။ နောက်ထပ် (ဇာဒီရွာမှာ) ထပ်အဖမ်းခံရတဲ့ သုံးယောက်တောင်ရှိသေးတယ်” ဟု ၎င်းကပြောသည်။

ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် ဇာဒီရွာအတွင်းရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် ဘက်က ဒရုန်းဖြင့်ဗုံးချခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံမှ ကနဦးသိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည် ။

ယင်းနောက် စစ်ကားအချို့ ဇာဒီရွာဘက်သို့ ထပ်ဆင်းသွားကြောင်း မျက်မြင်တွေ့ရသည့် ကံပေါက်ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက် ရေကန်တောင်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဇာဒီအုပ်စုကို စစ်ကြောင်းထိုးကာ နေအိမ်များ ဖောက်ထွင်းနေပြီး အိမ်အချို့ကိုလည်း မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ဇာဒီ၊ ခွေးမဖော၊ ဒိုက်တကော်နှင့် ခေါင်ပြန် စသည့် ကျေးရွာလေးရွာက ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။