လောင်းလုံးမြို့နယ်ရှိ ဒေသခံများ လေကြောင်းအန္တရာယ် ကာကွယ်ရေးအစီအမံများ ကြိုတင်ပြင်ဆင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုံခြုံသည့်အစီအမံများ၊ ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် အထူးသတိပေးကြောင်း ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။
ယနေ့ နံနက် ၉ နာရီကျော်မှစပြီး လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများအပေါ် စစ်ကောင်စီလေယာဉ်များ ပျံသန်းနေကြောင်း ဒေသခံအချို့က ပြောသည်။
“(နံနက်) ၁၀ နာရီလောက်ကတော့ လေယာဉ်အသံကြားလိုက်တယ်။ လေယာဉ်ကိုတော့ မမြင်ရဘူး။ မမြင်နိုင်လောက်တဲ့ နေရာကနေ ပျံနေတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လေကြောင်းသတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်အသိပေးနေသည့် Enemy Air Route Channel နှင့် WINTESS ENEMY AIR SCOUT တယ်လီဂရမ်ချယ်နယ်တို့ကလည်း မြိတ်လေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီး၊ Mi 2 တိုက်ခိုက်ရေး ရဟတ်တစ်စီး ပျံတက်သွားသဖြင့် ထားဝယ်ခရိုင်တွင် လေကြောင်းအန္တရာယ်ရှိကြောင်း သတိပေးထားသည်။