BREAKING
December 22, 2024

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀)

December 23, 2022

စစ်ကြောင်းသွားရင်း ပုလောမြို့တနေရာမှာကျင်းပတဲ့ ABSDF ရဲဘော်များဆွေးနွေးပွဲတခုကို တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၅၀-

(၁) ခရီးသည်တင်ကားကို တားပြီး တော်လှန်ရေး တရားဟောခြင်း

ဖြစ်ချင်တော့ ကထောင်နီရွာမှာ စခန်းချနေတုန်း စည်းရုံးရေးမှူး ကိုကိုကျော် ဝါးဆစ်လှေကားပေါ်က ချော်ကျပြီး ခေါင်းကွဲသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် ဆိုရင်တော့ နမော်နမဲ့နိုင်လို့ ဖြစ်တာလို့ အလွယ်တကူ မှတ်ချက်ချလိုက်ပြီး ဘာမှ စာဖွဲ့စရာ မရှိလောက်ပါ။

ဒါပေမယ့် ကျနော်တို့ ကြုံတွေသမျှကို မှတ်တမ်းတင်နေတဲ့ နိုင်ငံခြားသား သတင်းထောက်တဦး အမြင်မှာတော့ ဒါဟာ ငှက်ဖျားမိထားလို့ အားနဲမူးဝေနေတဲ့ ကျောင်းသား တော်လှန်ရေးသမားတဦး လှေကားပေါ်က ပြုတ်ကျတာလို့ မောင်ဒေးဗစ်က ရုပ်သံ မှတ်တမ်းထဲမှာ ထည့်ပြောထားပါတယ်။

နောက်တနေ့ မနက်မှာတော့ ရွာကနွားလှည်းတစီးကို အကူညီတောင်း၊ ပါတ်တီးအဖြူကြီး ခေါင်းမှာစည်းထားတဲ့ ကိုကျော်ကျော်ကို လှည်းပေါ်တင်ပြီး ပြည်ခြားရွာကို ပြန်ဝင်ပါတယ်။ ပြည်ခြားချောင်းရေက သန့်ရှင်းစင်ကြယ်နေပြီး ရေအနက်က ဒူးဆစ်ကျော်ကျော်လေးပဲရှိပါတယ်။

နေပူလွန်းလို့ အဲဒီရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်နေကြတဲ့ ရဲဘော်တွေ၊ အဲဒီရေကိုဖြတ်ပြီး တက်လာတဲ့နွားလှည်း၊ အရိပ်ကောင်းလှတဲ့ ညောင်ပင်တွေကို မောင်ဒေးဗစ် အမိအရ မှတ်တမ်းတင်နေပါတယ်။ ပြည်ခြားရွာအဝင် ကားလမ်းမပေါ်မှာတော့ ၁၀-ပေလောက်အမြင့်အထိ တိုင်တွေစိုက်ပြီး အပေါ်မှာ ဖက်မိုးထားတဲ့ ထူးခြားတဲ့ ကားဂိတ်တခုကို တွေ့ရပါတယ်။ ဒီကားဂိတ်ဟာ ဒီနေ့အတွက် ကျနော်တို့ လူထုတရားပွဲလုပ်မယ့် သတ်မှတ်နေရာဖြစ်ပါတယ်။

အားလုံးကွက်တိပါပဲ။ အဲဒီကားဂိတ်ဆီ ကျနော်တို့စစ်ကြောင်း ရောက်ပြီး ၁၅ မိနစ်လောက်အတွင်း ထားဝယ်ကနေ မြိတ်ဖက်မောင်းလာတဲ့ လိုင်းကားတစီး မနိုင်ဝန်တွေနဲ့အတူ ဆိုက်ရောက်လာပါတယ်။ လိုင်းကားဆိုလို့ မြို့ပြက ကားတွေလို ဘတ်စကားလို့ မထင်လိုက်ပါနဲ့။

ဒုတိယကမ္ဘာစစ် လက်ကျန် ဒေါ့ဂျစ်ကားကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်မွမ်းမံထားတဲ့ (၂၀၁၂ ဝန်းကျင်အထိ ဒီလိုကားမျိုးတွေကို တနင်္သာရီတိုင်းမှာ သုံးနေကြဆဲလို့ သိရပါတယ်)၊ အောက်ထပ်မှာ အမျိုးသမီးတွေစီး၊ အမျိုးသားတွေက ခေါင်မိုးပေါ်မှာထိုင်ရတဲ့၊ စားပွဲကုလားထိုင် အပါအဝင် သစ်တိုသစ်စကနေ၊ ငါးပိ-ငါးချဉ်အထိ ပစ္စည်းမျိုးစုံ သယ်နိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

ထုံးစံအတိုင်း အဓိကဟောပြောသူကတော့ ခေါင်းကွဲလို့ ပတ်တီးစည်းထားရတဲ့ စည်းရုံးရေးမှုး ကိုကျော်ကျော်ဖြစ်ပါတယ်။ အမျိုးသားညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်။ လုပ်အားပေးမလိုက်ပဲ ဘယ်လိုဆန့်ကျင်ရမယ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ လူထုက လိုက်ပါဆောင်ရွက်ဖို့ လိုတယ် စသည်ဖြင့် သူပြောနေတာတွေကို ပရိသတ်တချို့က စိတ်ဝင်စားကောင်း စိတ်ဝင်စားနေနိုင်ပါတယ်။

ဒါပေမယ့် ကျနော်သတိထားမိတာက ကင်မရာကိုင်ထားတဲ့ အနောက်တိုင်းသား လူဖြူ မောင်ဒေးဗစ်ကိုသာ ပရိသတ်က စိတ်ဝင်တစား ကြည့်နေကြတယ်လို့ ထင်နေမိပါတယ်။ အဲဒီဟောပြောပွဲ အပြီးမှာတော့ သတင်းတပတ်ကြာ ကျနော်တို့ရဲ့ လူထုစည်းရုံးရေးခရီးစဉ် စစ်ကြောင်းကို အဆုံးသတ်ပြီး ငါးတက်ကျေးရွာဆီ ပြန်တက်လာခဲ့ပါတယ်။

———————-

၁၉၉၀ ဝန်းကျင်က ထားဝယ်ဒေသမှာအသုံးပြုများတဲ့ ထားဝယ်-မြိတ် သွား ခရီးသည်တင်ကားများကို ထားဝယ်မြို့ပေါ်မှာ တွေ့ရစဉ်။

(၂) အက်ဒမန်ပင်လယ်ထဲက ကျွန်းရွာလေးတခုဆီသို့

ငါးတက်ရွာက ရှေ့တန်းစစ်ကြောင်းရုံးဆီ ပြန်အရောက်မှာတော့ အစည်းဝေးထိုင်ပြီး မောင်ဒေးဗစ်ကို နောက်တန်းပြန်ပို့ဖို့၊ ပြီးရင် ကျနော်တို့ချည်း ပင်လယ်ပြင်ထဲအထိ စစ်ကြောင်းထပ်ထွက်ပြီး စည်းရုံးရေး ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ငါးတက်မှာ ၃-ရက်လောက် နားပြီးတဲ့နောက် ပြည်ခြားရွာဆီ ပြန်ဆင်းလာပြီး လိပ်ဥသောင်ကို ညဖက်ကြီး ပြန်ဝင်ပါတယ်။ ပြီးတော့ စက်လှေ ၅၊ ၆ စီးလောက် ဆင့်ခေါ်ပြီး ပင်လယ်ထဲက ကျွန်းရွာကြီးတခုဖြစ်တဲ့ လိပ်ဥသောင်ရွာရဲ့ အပေါ်ဘက်ရှိ ပြင်ဘုကြီးကျွန်းဆီ ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။

ပင်လယ်ထဲ စစ်ကြောင်းသွားတဲ့အချိန်မှာ ဒီရေအတက်အကျကို အသေအချာ ထည့်တွက်ထားဖို့လိုပြီး အတွက်မှားလို့ ပြေးပေါက်မှားခဲ့တဲ့ စစ်ကြောင်းတွေ ကျနော်တို့ရှေ့မှာ ရှိခဲ့ဖူးတယ်လို့ လိပ်ဥသောင်ရွာသူကြီးက ပြောပြပါတယ်။

အဲဒီညက လပြည့်ညလို့ ထင်ပါတယ်။ ကောင်းကင်တခုလုံး ကြည်လင်ဝင်းပနေပြီး ပင်လယ်ပြင်ထဲက ကျနော်တို့လှေတွေ အချင်းချင်း ခပ်ဝါးဝါး မြင်နေရပါတယ်။ မနက်အာရုံတက်ချိန်မှာ ပြင်ဘုကြီးကျွန်းဆီ ဆိုက်ပြီး ကမ်းကပ်ကြပါတယ်။

ဒီလို ကမ်းကပ်တဲ့အခါမှာလည်း အထူးသတိထားဖို့လိုပြီး ကမ်းပေါ်မှာ တဘက်ရန်သူ ရှိမရှိ သတင်းအတိအကျ ရထားဖို့ လိုပါတယ်။ နောက်တခါ ရှေ့ပြေးလှေကို အရင်ကုန်းပေါ် တက်ခိုင်းပြီး အဲဒီအဖွဲ့က မီးစိမ်းပြမှ စစ်ကြောင်းတခုလုံး စနစ်တကျ ချီတက်ကြရပါတယ်။ ဒီလိုမျိုး စနစ်တကျကမ်းတက်တာ မလုပ်မိလို့ ကျနော်တို့အရင် စစ်ကြောင်းတခု ကမ်းအတက်မှာ တဖက်ရန်သူရဲ့ ချေမှုန်းမှုကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

ပြင်ဘုကြီးဟာ ပင်လယ်ပြင်ထဲကတံငါရွာဆိုပေမယ့် ကျနော်တို့ထားဝယ်ဝန်းကျင်က ရွာတွေထက်တောင် ပိုကြီးမား၊ ပိုစည်းကားနေတာကို တွေ့ရပါတယ်။ ရွာထဲရောက်ရောက်ချင်း ပထမဆုံး ကျနော်တို့စစ်ကြောင်း သွားတဲ့နေရာကတော့ အလက သို့မဟုတ် တွဲဖက် အထကကျောင်းဖြစ်ပါတယ်။

ဒီကျောင်းကဆရာ၊ ဆရာမတွေဟာ တပ်ခွဲမှူး ကိုလှဦး အပါအဝင် ကျနော်တို့ရဲဘော်တွေနဲ့ အတော်ရင်းနှီးနေပုံရပါတယ်။ ကျနော်တို့ စစ်ကြောင်းပါ ရဲဘော်အများစုဟာ ပုလောမြို့နယ်က ဖြစ်တာကြောင့် အခုလို ရင်းနှီးနေတာလဲ ဖြစ်နိုင်ပါတယ်။

ဖယောင်းစက္ကူမှာ လက်ရေးနဲ့ ရေးနေရတာကို စိတ်ပျက်နေပုံရတဲ့ ကိုသက်ဇော်ထွေးက ဒီကျောင်းက လက်နှိပ်စက်ကြီးကို ဆွဲသွားရင် ကောင်းမယ်လို့ အကြံပြုတာနဲ့ အဲဒါကြီးကို ကျနော်တို့ အလှူခံလိုက်ပါတယ်။ ကျောင်းဆရာတွေဘက်က စေတနာရှိလို့ လှူလိုက်တာလား၊ ကျနော်တို့ ကိုင်ထားတဲ့ သေနတ်တွေကိုကြည့်ပြီး လှူလိုက်တာလား ဆိုတာကိုတော့ အဲဒီအချိန်က ကျနော်စဉ်းစားဖို့ သတိမရခဲ့ပါဘူး။

နေ့လည်ပိုင်းမှာတော့ ထုံးစံအတိုင်း ရွာလယ်မှာ လူစုပြီး ကိုကျော်ကျော်ကပဲ အမျိုးသားညီလာခံ တိုက်ဖျက်ရေးအကြောင်း ဟောပြောပါတယ်။ ဟောပြောပွဲအပြီးမှာတော့ ကျနော်တို့ရေးထားတဲ့ လှုံ့ဆော်ရေးစာတွေ ဖြန့်ဝေပြီး ရွာအတွင်း လှည့်လည်ကာ လူထုအခြေကို နေလေ့လာခဲ့ပါတယ်။

အဲဒီ ကျွန်းကနေ ကျနော်တို့ ပြန်ထွက်တဲ့အချိန်ကတော့ ညသန်းခေါင်ဝန်းကျင် ဒီရေပြည့်တဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုပြန်ထွက်တဲ့အချိန်မှာ အဲဒီကျွန်းဝန်းကျင်က နောက်တကျွန်းဆီ ဆက်သွားမယ်လို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စစ်ရေးသတိကြီးလှတဲ့ တပ်ခွဲမှူး ကိုလှဦးက သူ့စိတ်ထဲမှာ သံသယ နည်းနည်း ဖြစ်နေတယ်။ အဲဒီကျွန်းမှာ ရန်သူရှိနေနိုင်တယ်။ ကျနော်တို့ လှေအဝင်လာကို ကျွန်းပေါ်ကနေ စောင့်ပစ်ခံရနိုင်တယ်ဆိုပြီး အစီစဉ်ကို ဖျက်လိုက်ပါတယ်။

ဒီလိုနဲ့ မနက်မိုးလင်းချိန်မှာ လိပ်ဥသောင်ရွာရဲ့ အောက်ဖက်ခပ်လှမ်းလှမ်းက ကျောက်သင်္ဘော သို့မဟုတ် ဖော့ဆိုတဲ့ ကမ်းစပ်ရွာလေးဆီ ကျနော်တို့ ကမ်းတက်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ၅-မိုင်ဆိုတဲ့ ရွာဆီချီတက်ပြီး ထုံးစံအတိုင်း လိုင်းကားကိုတားဆီးကာ လူထုတရားဟောပွဲလုပ်ပြန်ပါတယ်။

———

ပြည်ခြားချောင်းကို ဖြတ်တက်လာတဲ့ ABSDF ရဲဘော်များရဲ့ နွားလှည်း…။

(၃) ဖလင်မပါပဲ ဓါတ်ပုံရိုက်နေတဲ့ စစ်မြေပြင်သတင်းထောက်

အဲဒီက အပြန်မှာတော့ ပြည်ခြားရွာဆီပြန်ဝင်ပြီး ခေတ္တစခန်းချပါတယ်။ အဲဒီလို စခန်းချနေစဉ် “ရွာသူကြီးများအား ခေါ်ယူပညာပေးခြင်း” အစီစဉ်တခုကို ကျနော်တို့ အကောင်ထည်ဖေါ်ပါတယ်။

ပြည်ခြားရွာနောက်ကျော ချောင်းတဖက်ကမ်းက အိမ်ကြီးတလုံးမှာ ကျင်းပတဲ့ နေ့ချင်းပြီး နိုင်ငံရေးသင်တန်းကို ပုလောမြိုနယ် မြောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၄၀-ခန့်က ရွာသူကြီးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ၅၀ ခန့် လာတက်ကြပါတယ်။ လက်ရှိနိုင်ငံရေးအခြေနေ၊ အမျိုးသားညီလာခံအခြေနေ၊ ဆန်းဈေးစပါးဈေး အခြေနေ၊ လုပ်အားပေးအခြေအနေ အပါအဝင် ဘာသာရပ် အတော်များများကို ကိုကျော်ကျော်ကပဲ ဒိုင်ခံဆွေးနွေးခဲ့ပါတယ်။

အဲဒီ ရွာသူကြီးသင်တန်း အပြီးမှာတော့ ကျနော်တို့စစ်ကြောင်းရဲ့ ခရီးစဉ်ကို အဆုံးသတ်ပြီး မင်းသမီးခစန်းဆီ ပြန်လာခဲ့ပါတယ်။

အဲ … မင်းသမီးစခန်း ပြန်ရောက်တော့ တလတာ စစ်ကြောင်းခရီးစဉ်တွေအတွင်း ကျနော်ရိုက်ထားတဲ့ ဖလင် ၃-လိပ်ကိုထုတ်ပြီး ကန်ချနပူရီမှာကူးဖို့ လူကြုံနဲ့ ပို့လိုက်ပါတယ်။ နောက်တရက် ဓာတ်ပုံနဲ့ ဖလင်တွေ ပြန်ရောက်လာတော့ ၃-ခွေမှာ တခွေပဲ ပုံပေါ်ပြီး ကျန် ၂-ခွေက ဘာပုံမှမပေါ်ပဲ အနက်ရောင်ချည်း ဖြစ်နေပါတယ်။

ဒီတော့မှ ကိုယ့်နဖူးကိုယ်ရိုက်ပြီး “သေလိုက်ပါတော့ သတင်းထောက်ကြီးရယ်” လို့ အသံထွက် အော်မိပါတယ်။ အဲဒီကာလဟာ အခုခေတ်လို ဒီဂျီတယ်ခေတ် မဟုတ်သေးတော့ ဖလင်နဲ့ ရိုက်ရပါတယ်။

ကင်မရာကို တခါမှ ကောင်းကောင်း မကိုင်ဖူးသေးတဲ့ ကျနော်ဟာ ရှေ့တန်းမဆင်းခင်လေးကမှ Green November 32 အဖွဲ့ကနေ ရထားတဲ့ Pentax အကောင်းစား ကင်မရာကြီးကို ကိုင်ပြီး ဖလင်ကိုဝင်အောင် အသေအချာ ထည့်တတ်ပုံမရသေးပါ။

ဒါပေမယ့် စစ်ကြောင်းမှူးလည်းဖြစ်၊ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ DVB သတင်းထောက်လည်း ဖြစ်နေသူဆိုတော့ ဟန်ကိုယ်ဖို့လုပ်ရင်းနဲ့ ဖလင်ဝင် မဝင် သံသယရှိမှုအပေါ် ဘယ်သူကိုမှ မတိုင်ပင်ဖြစ်ခဲ့ပါ။

“အခွင့်အရေးဆိုတာ နှစ်ခါပြန် မရနိုင်ဘူး” ဆိုတဲ့ သတင်းသမားတွေရဲ့ ဆောင်ပုဒ်ကို အဲဒီအချိန်ကျမှ ကျနော် တကယ်သဘောပေါက်လိုက်ပါတယ်။

 ………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁)>>>>>

ထက်အောင်ကျော်