မိုးသည်းသည်း မဟူရာည။ ပြောင်းခင်းကြားထဲ တိုးဝင်ပျောက်ကွယ်ရင်း။ ဓာတ်မီးရောင်တွေ တချက်ချက်ကြားရတယ်။ လူမမယ် ကလေးငယ်က နှစ်ဦး။ ဘေးမှာတော့ တဝေါဝါစီးဆင်းနေတဲ့ သောင်ရင်းမြစ်။ ဒီဘက်ကမ်းကို ရောက်ပြီ။ တနည်းနည်းနဲ့တော့ လွတ်မြောက်ပြီ။
စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအတွင်း နေရာပေါင်းများစွာမှာ ပုန်းခိုရင်း နောက်ဆုံး တဖက်ကမ်းကို ကူးလာတဲ့ ကျောင်းဆရာမ တစ်ဦး။
ဟုတ်တယ်။ ဒီဘက်ကမ်းမှာ ဆိုရင်တော့ အနည်းဆုံးတော့ အသက်ဘေးထိပါးမှုတော့ မရှိတော့ဘူး။ တစ်ကမ်းကူးလိုက်တာနဲ့ ဘ၀တွေ ခြားသွားတယ်။
အဲဒီအတွက် မြစ်တစ်စင်းမှာ အပြစ်မရှိပါဘူး။ နယ်ခြားပယ်ခြား နမိတ်ခြားဆိုတာ လူတွေ သတ်မှတ်ပြဌာန်းကြတာလေ။ သူ့မှာလည်း သူ့လျှောက်လဲချက်နဲ့သူ။
(က)
မြစ်ဟာ သူ့အလုပ်သူလုပ်တယ်။ သူနှုန်းသူ နှင်တယ်။ အလျားလိုက်သွားချင်သွားမယ်၊ ဒေါင်လိုက်သွားချင်သွားမယ်။ အဲဒီလို သူ့ဘဝ သူကြောင်းနေနိုင်လား။ သိပ်တော့ မသေချာဘူး။
တကယ်တော့ မြစ်ဟာ မလွတ်လပ်ပါဘူး။ သူ့ဘဝ ကို ထိန်းကြောင်းထားတာက တောင်တန်းတောင်စွယ်တွေ။ တခါခါ တောင်စွယ်တွေ သဘောအတိုင်း ကျဉ်းကျဉ်းကျပ်ကျပ် နှင်ရတယ်။ တခါခါတော့ နည်းနည်းလေး လွတ်လွတ်လပ်လပ်နဲ့ အသက်ရှုပေါက်ရတာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် မြစ်ဟာ တောင်တန်းတောင်စွယ်တွေကို ထိုးဖောက်နိုင်တဲ့ အထိ မလွတ်လပ်ရှာဘူး။ ဆိုတော့ သူတို့ မျှပေး၊ ဟပေးတဲ့ လမ်းအကြောင်းပဲ လျှောက်ရတော့တာပေါ့။
သူ့လမ်းမှာ ကျောက်ဆောက်ကျောက်သားတွေ၊ ချိုင့်ဝှမ်းတွေ ရှိရင် ရိုင်းဆိုင်းကြမ်းတမ်းတယ်လို့ အပြောခံရတယ်။ သူ့အရှိန်က သူနှင်ချင်တဲ့ နှုန်းအတိုင်း ဖြစ်ချင်မှ ဖြစ်တော့တာလေ။ တခါခါ ဘေးပန်းမှာ သဲသောင်ယံတွေနဲ့ ခြံရံပြီးသွားချင်ရင်တောင် ကျောက်သား ကျောက်တောင်တွေ ဖြစ်ချင်ဖြစ်နေတတ်တာ။ တခါခါ နှေးနှေးအေးအေး စီးချင်ရင်တောင် တဝေါဝေါ ပြိုကျရတော့တာ။
ဒီလိုနဲ့ ဒီမြစ်ဟာ ရိုင်းတယ်၊ ကြမ်းတယ်ဆိုပြီးဖြစ်ပြန်။ ကိုယ့်ကြမ္မာကိုယ်မဖန်တီးနိုင်ပေမဲ့ အမျိုးမျိုး သမုတ်ခံရပြန်။
တခါခါ မြေပြန့်လွင်ပြင်ရောက်သွားတော့ ခပ်အေးအေး နှေးနှေး ဖြစ်သွားရပြန်ကော။ ဆိုတော့ မြစ်ဟာ ယဉ်တယ်။ ဒါတွေက သူအလိုတူပြီး ဖြစ်လာတာ မဟုတ်ဘူးလေ။ ဝန်းကျင် ပထဝီမျက်ပြင်တွေကပဲ သူ့ကို ပုံသွင်းလိုက်တာ။
တကယ်တော့လည်း မြစ်ဟာ မလွတ်လပ်ပါဘူး။ အလိုမတူဘဲ လာပေါင်းတဲ့သူတွေ ရှိတယ်။ ကြည်ချင်ကြည်မယ်၊ နောက်ချင်နောက်မယ်၊ အရောင်နက်ချင်နက်မယ်၊ ရှင်းချင်ရှင်းနေမယ်။ သူ့မှာ ငြင်းပယ်ခွင့်မရှိ။ ဘဝလမ်းတစ်လျှောက် ကြီးကြီးကျယ်ကျယ် လာဆုံတဲ့သူတွေရှိတယ်။ သေးသေးကျဉ်းကျဉ်းလာပေါင်းသူတွေရှိမယ်။ သူ့မှာ ရွေးချယ်ခွင့် သိပ်မရှိလှ။ ရင်ခုန်သံချင်းပေါင်းအောင်၊ သွေးသားချင်း ပေါင်းအောင် အလိုက်အထိုက်နေရတာပဲ။ ဒါပေမဲ့ သူ့မှာ ဒီလိုလာပေါင်းသူတွေကို အမည်တပ်ခွင့်တော့ ရှိတယ်။ ‘မြစ်လက်တက်တွေ’။
ဖတ်မှတ်ဖူးတာ တစ်ခုရှိတယ်။
“ရေတို့၏ သဘာ၀ ဝါရိဝေဂ ဗျုဟာဟူသည်
အမာကိုရှောင်ကာ တိုက်စားလွယ်သည့်နေရာကိုသာ
ရွေး၍ တဖြေးဖြေးခြေမွစီးဆင်းလေ့ရှိသည်
ဒါကြောင့်လည်း မြစ်တို့မည်သည်
ကွေ့ကောက်နေရစမြဲ”
(ခ)
လူ့သမိုင်းတစ်လျှောက် မြစ်တွေဟာ အရေးပါလှတယ်။ မြစ်တွေဟာ လူ့သားသမိုင်းရဲ့ အတက်အကျတွေကို မျက်မြင်ဖြစ်ရတယ်။ လူသန်းထောင်ချီဟာ နှစ်သန်းချီ မြစ်တွေကို အမီပြု ဖြစ်ထွန်းကြတယ်။
မဲခေါင်မြစ်က ထိုင်းနဲ့ လာအိုကို စစ်ရပ်စဲစေလိုက်တယ်။ တော်လှန်ရေးမြေပုံတွေကိုလည်း မြစ်တွေက ရေးတတ်ကြတာပဲ။ သောင်ရင်းမြစ်ဘေး မရောက်ဖူးရင် တော်လှန်ရေးသမား မဟုတ်ဘူးဆိုပြီးလည်း ပြောတတ်ကြတယ်။ မြန်မာပြည်ပြန်ခွင့် မသာသေးတဲ့ အချို့သူများကလည်း သောင်ရင်းကမ်းဘေးကနေ အမိမြေကို အလွမ်းပြေသွားသွားကြတယ်။
ထိုင်းဘက်ကမ်း အဲဒီနားက ကဖီးဆိုင်လေးမှာ မြန်မာတွေ သွားသွားထိုင်တတ်ကြတယ်။
သောင်ရင်းက သံလွင်နဲ့ သွားပူးပေါင်းတယ်။ ပြောလေ့ပြောထရှိတာက မြစ်ရေကို နှစ်ခါချိုးလို့ မရဘူးတဲ့။ ဒါပေမဲ့ အဲဒီဆုံမှတ်မှာ မြစ်နှစ်စင်းက ရေကို တပြိုင်တည်း ချိုးနိုင်တယ်။
နောက်ဆုံး သောင်ရင်းဟာ မုတ္တမကွေ့ထဲမှာ နစ်ဝင်ပျောက်ကွယ်သွားတယ်။
မြန်မာနိုင်ငံမှာ မြစ်အကြောင်းပြောရင် အများအားဖြင့်တော့ ဧရာ၊ သံလွင်၊ ချင်းတွင်းပေါ့။ နိုင်ငံသစ်နာမည်ပေးကြတာတောင် ဧရာသံလွင် တဲ့။ ဒီလိုနဲ့ တောင်ဖျားက တနင်္သာရီဟာ အမေ့ခံ မြစ်တစ်စင်းဖြစ်လာတယ်။
သူက ဟိုးနှစ်ပေါင်းရာချီက နိုင်ငံတကာ ကုန်သွယ်ရေး ချက်မအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အနောက်ဘက်က ကုန်သည်တွေက မြိတ်ကို ဆိုက်၊ အဲဒီကနေ တနင်္သာရီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး အခု တနင်္သာရီမြို့ရှိတဲ့နေရာမှာ ကုန်းလမ်းခရီးပြောင်းနှင်တယ်။ တောင်ကြားလမ်းအတိုင်း ဆင်မြင်းတွေနဲ့ မောတောင်ထိ ချီတယ်။ ပြီးတော့ ထိုင်းကို ကူးတယ်။ အာယုဒ္ဓယမြို့တော်ကြီးနဲ့ ကူးသန်းရောင်းဝယ်တယ်။
ဒါပေမဲ့ နောက်ပိုင်းတော့ တနင်္သာရီမြစ်ဟာ အမေ့ခံလိုလို ဖြစ်သွားတယ်။ တနင်္သာရီမြစ်ဟာ စီးပွားရေးမြို့တော် မြိတ်ကနေ မြောက်ဘက် ထီးခီးနယ်စပ်အထိ အချိတ်အဆက်ပြုထားတယ်။ အခုတော့လည်း မြစ်တစ်ကျောမှာ တော်လှန်ရေးရောင်စုံနေပြီ။ အရင်လို တစ်ခုတည်း မဟုတ်တော့ဘူး။
ဒီလိုနဲ့ ခေတ်သစ်မှာ တနင်္သာရီမြစ်လည်း ပုံစံတစ်မျိုးနဲ့ အသုံးတော်ခံနေရတယ်။
(ဂ)
ဆရာမ ဂျူးဟာ တော်တော်ရက်စက်တာပဲ မြစ်တို့၏ မာယာတဲ့လေ။ ပိုဆိုးတာက တေးရေး ကိုနေဝင်း။ မြစ်တို့၏ မာယာ၊ လှည့်စားမှုတွေလား၊ မြစ်တို့၏ မာယာ ရက်စက်ခြင်းတွေလား တဲ့လေ။
မြစ်တို့၏ မာယာ ဝတ္ထုထဲက အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ ကေသီ၊ ဦးရန်နိုင်၊ မိုးဝေ တို့သုံးဦးစလုံး ကိုယ်လိုချင်တဲ့ အခြေအနေတွေကို မရလိုက်တာဟာ မြစ်တို့၏ မာယာလား။
မြစ်တွေဟာ နဂိုကတည်းက မလွတ်လပ်လှပါဘူး။
ကျွန်တော်ကတော့ ပင်လယ်နဲ့ တောင်တန်းတွေကို ချစ်သူပါ။ ဒါပေမဲ့ တောင်တန်းတွေက မြစ်ကို ကြောင်းတယ်။ မြစ်ဟာ ပင်လယ်နဲ့ ပူးပေါင်းသွားတယ်။ အမြဲမေ့လျော့နေတတ်တာက တောင်တန်းတွေမှာ မြစ်ရဲ့ ဝိဉာဉ်ဓာတ်တွေပါတယ်။ ပင်လယ်လှိုင်းသံတွေမှာလည်း မြစ်ရဲ့ ခုန်သံတွေ ပါတယ်ဆိုတာပါပဲ။
မြစ်ဟာ ဒီလိုပဲ အကြောင်းခံရင်း ပင်လယ်ထဲ သေဆုံးသွားတာလား။ မဟုတ်ဘူး။ မြစ်ဟာ အသစ်တစ်ဖန်မွေးဖွားလို့ရသေးတယ်။ ပင်လယ်ကနေ တိမ်တိုက်တွေဖြစ်၊ တောင်တန်းမြစ်ဖျားတွေ ဆန်တက်သွားတဲ့ တိမ်တွေက မြစ်တွေကို ပြန်မွေးဖွား။ အဲဒီလိုနဲ့ ပြန်ဆုံနိုင်ကြသေးတယ်။
ဒီလိုပဲ တစ်ချိန်မှာ ပြန်ဆုံမယ်။ တကယ်တော့ မြစ်ဟာဘယ်တော့မှ မသေဘူး။ သံသရာရှိတယ်။ ပြန်လည်မွေးဖွားတယ်။
ခွန်းသု