BREAKING
December 26, 2024

ရေးတွင် အာယုတောင်ရွာပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းဒဏ်ရာရ

November 23, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာပြည်သူ့စစ်အဖွဲ့ ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦးနှင့် အဖွဲ့ဝင်နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

“ဟိုက လာပစ်တဲ့ချိန်မှာ အုပ်ချုပ်ရေးမှူးရုံးထဲကနေလည်း ပြန်ပစ်တယ်။ လင်းဦးကတော့ ထိသွားတယ်။ တခြားထိသွားတာလည်း ရှိတယ်။ အလှူခံလာတဲ့လူတစ်ယောက်လည်း ထိသွားတယ်။ လာပစ်တဲ့အဖွဲ့က ကားနဲ့လာပြီး ပစ်သွားတာ” ဟု အာယုတောင်ရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦးသည် လည်ပင်း၊ ဝမ်းဗိုက်နှင့် လက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်းဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အာယုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ရေးမြို့နယ်မြောက်ပိုင်းရှိ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်နက် တပ်ဆင် ပေးထားပြီး ယင်းအဖွဲ့သည် အာယုတောင်ကျေးရွာနှင့် အနီးနားတဝိုက်တွင် လှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

အာယုတောင်ပြည်သူ့စစ်အဖွဲ့တွင် အင်အား ၅၀ ခန့်ရှိပြီး ဂိတ်ဖွင့်ကာ ငွေကြေးကောက်ခံခြင်း၊ ကျေးရွာအတွင်း ငွေကြေး ကောက်ခံခြင်းအပြင် စစ်ကောင်စီအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းကိစ္စ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့သည့်ကိစ္စတို့တွင် ပြည်သူလူထုကို ဖိအားပေးလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။