BREAKING
December 26, 2024

တပိုရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ ထိတွေ့ပစ်ခတ်မှု တစ်ရက်လုံးဖြစ်

November 23, 2024

ပုလောမြို့နယ်၊ တပို‌ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီးနောက် ဝင်ရောက်တပ်စွဲလာပြီး ယနေ့ နံနက်ပိုင်းမှ ညပိုင်းအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
‌


ယနေ့ နိုဝင်ဘာလ ၂၃ရက် နံနက်တွင် စစ်‌ကောင်စီတပ်က တပိုရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချသွားတယ်။ ရွာအနောက်ပိုင်းက ဦးစိုးမြင့်အိမ်နားမှာ ပေါက်ကွဲသွားတာပါ။ အရပ်သား ထိခိုက်မှုတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုမတိုင်မီ စစ်ကောင်စီတပ်သည် ကြဲကျေးရွာနှင့် ဇရပ်ဆိပ်ကျေးရွာအနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတို့ တွင် တပ်စွဲထားကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

တပိုကျေးရွာသည် ကြဲနှင့် ဇရပ်ဆိပ်ကျေးရွာတို့ အကြားတွင် တည်ရှိသည်။

ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ကြဲ‌ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် ၁၁နာရီခွဲခန့် တွင် တပိုရွာအတွင်းသို့ ဝင်ရောက်လာစဉ် ပြည်ထောင်စုလမ်းမအနီးတွင် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

“ကြဲ(ရွာ) က စစ်‌ကြောင်းကလည်း ဝင်လာတယ်။ ဇရပ်ဆိပ်စစ်ကြောင်းကလည်း သံကန်းကောက် (ဇရပ်‌ဆိပ်ဥယျာဉ်ခြံ) ကို ရောက်နေတယ်။ တို့လူ‌တွေ (ပကဖ) က ကြားထဲမှာ အဝိုင်းခံရသလိုဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များအကြား မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်က တပိုကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နှစ်ဖက်ပစ်ခတ်မှုမှာ ညအချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တပ်စွဲထားသည့် ဘုန်းကြီးကျောင်းမှ တပိုကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်‌ မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးအား Dawei Watch က ဆက်သွယ်မေးမြန်းရာ ၎င်းထံသတင်းပေးပို့ချက်ရောက်လာပါက ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ခရီးသွားကားများက မိန်းမမြို့ရွာတွင် နာရီပိုင်းကြာ ပိတ်မိနေကြပြီး မွန်းလွဲ ၂ နာရီခွဲဝန်းကျင် ပစ်ခတ်မှုခေတ္တရပ်နေချိန်တွင် ဆက်လက်ထွက်ခွာသွားကြကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ် ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာများကို အောက်တိုဘာလ ၁၄ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားနေသည်။