BREAKING
December 26, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 23, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ

မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူတစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှုတားမြစ်လှုပ်ရှားရေးအဖွဲ့က နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးနေရာမှာ သုံးနှစ်ဆက်ရှိနေတဲ့ ဆီးရီးယားကို ကျော်ပြီး မြန်မာက ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာတာပါ။ ၂၀၂၃ အတွင်းမှာ ကမ္ဘာတစ်ဝန်း မြေမြှုပ်နိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ငါးထောင်ခုနစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းသုံးစွဲမှု ပိုမိုကျယ်ပြန့် မြင့်တက်လာတယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..

ကိုးကန့်ခေါင်းဆောင်ကို ဖမ်းဆီးထားမှု တရုတ်ငြင်း

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့ အပေါ် တရုတ်အစိုးရဘက်က ငြင်းချက်ထုတ်လာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ယူနန်ပြည်နယ်မှာ သွားရောက်တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံကို ပြန်ခွင့်မပေးတော့ဘဲ ထိန်းသိမ်းခံထားရတာလို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဖုန်တာရွှင်ဟာ ကိုးကန့်တပ်တည်ထောင်သူ ဖုန်ကြားရှင်ရဲ့ သားဖြစ်ပါတယ်။

အဲဒီလို သတင်းထွက်လာချိန်မှာပဲ ဖုန်တာရွှင်ကို ဖမ်းဆီးထားတာမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာလ ၁၉ရက်က သတင်းစာရှင်းလင်းပွဲမှာ ငြင်းချက်ထုတ်ခဲ့တာပါ။ ဖုန်တာရွှင်ဟာ ကျန်းမာရေး မကောင်းလို့ တရုတ်မှာ ဆေးကုသမှုခံယူနေတာလို့ ပြောဆိုခဲ့ပါတယ်။

ကိုးကန့်တပ် သိမ်းထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးကနေ ပြန်လည်ဆုတ်ခွာဖို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ဖိအားပေးနေပြီး ပိတ်ဆို့ဖြတ်တောက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။ လားရှိုးကနေ ပြန်မဆုတ်ရင် ဖုန် မိသားစု အရေးယူခံမှာဖြစ်တဲ့အကြောင်းလည်း တီရှီကျွင်းက ဝတပ်ဖွဲ့ ဒုခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက တွေ့ဆုံရာမှာလည်း ပြောဆိုခဲ့ပါတယ်။

တပ်ပြန်ဆုတ်ဖို့ကို လက်မခံတာကြောင့် ဖမ်းဆီးအကျပ်ကိုင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ကိုးကန့်တပ်က နိုဝင်ဘာလ ၁၈ရက်မှာ ထုတ်ပြန်တဲ့သတင်းတစ်ရပ်မှာတော့ လားရှိုးမြို့ကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အကြောင်းဖော်ပြပါတယ်။ ကိုးကန့်တပ် လားရှိုးကနေဆုတ်ခွာတာ မရှိသေးဘူးလို့လည်း သတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………..

တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေ ဝင်လာနိုင်လား

ပုံစာ – တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ တရုတ်ဘက်က ကမ်းလမ်းထားတဲ့အပေါ်  စစ်ကောင်စီက လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့ပြီး ပြင်ဆင်နေပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်ထောင်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ဖို့ လုပ်ငန်း ကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်ပြီး အောက်တိုဘာလ တတိယပတ်မှာ ဖွဲ့စည်းခဲ့တာပါ။

နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးမှု ရှိမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေတွေကို ဆန့်ကျင်မှု ရှိမရှိ၊ ကာကွယ် ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှု ရှိမရှိ လုပ်ငန်းကော်မတီက စိစစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပကနေ တင်သွင်းလာ မယ့် လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေအပါအဝင် အခြားကြီးကြပ် ကန့်သတ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘယ်လို တင်သွင်းခွင့်ပြုမယ်၊ ဘယ်လို ထိန်းချုပ်သုံးစွဲစေမယ်ဆိုတဲ့အချက်ကို ဖြည့်ဖို့ လိုမလို စိစစ်ရမယ်လို့လည်း ဆိုပါတယ်။

အခြေခံဥပဒေမှာတော့ နိုင်ငံအတွင်း မည်သည့်နိုင်ငံခြားတပ်ကိုမှ တပ်ချခွင့်မပြုဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

အထက်ပါအချက်တွေအရ လုံခြုံရေးကုမ္ပဏီအမည်ခံပြီး တရုတ်လက်နက်ကိုင်တွေ ပြည်တွင်းကို ဝင်လာမလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ တရုတ်အစိုးရဘက်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံး၊ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စီမံကိန်းတွေကို အပြည့်အဝအကာအကွယ်ပေးဖို့ စစ်ကောင်စီကို ဆက်တိုက်တောင်းဆိုမှုတွေ ရှိနေပါတယ်။

လက်ရှိမှာ တရုတ်စီမံကိန်းနေရာအများစု တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်ရောက်ရှိလာချိန်မှာ လုံခြုံရေး ကုမ္ပဏီဖွဲ့ဖို့ တရုတ်ဘက်က ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ တရုတ်စီမံကိန်းများကို ကာကွယ်နိုင်စွမ်းနည်းလာတဲ့အတွက် တရုတ်ဘက်က အခုလို တောင်းဆိုလာတာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ လုံခြုံရေးအဖွဲ့ စဖွဲ့နေပြီလို အခုသီတင်းပတ်အတွင်း ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။

……………………………………..

တစ်နှစ်အတွင်း ကလေးခြောက်ရာကျော် သေဆုံး၊ ဒဏ်ရာ

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကလေးငယ် ၆၅၀ကျော်ဟာ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က နိုဝင်ဘာလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေကို အကာကွယ်ပေးဖို အရေးတကြီး လိုအပ် နေပြီလို့ ထောက်တယ်။ ဒါ့အပြင် စစ်ဘေးရှောင်ထွက်ပြေးကြရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ဦးရေ ၁ဒသမ၄သန်းကျော်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေအပြင် ရေဘေးဒဏ်ခံရတာတွေကြောင့် အကူအညီ လိုအပ်တဲ့ ကလေးငယ် အရေအတွက် မြင့်တက်လာပြီး မြန်မာနိုင်ငံက ကလေးငယ် ခြောက်သန်းလောက်ဟာ လူသားချင်းစာနာတဲ့ အကူအညီ လိုအပ်နေတယ်လို့ UNICEF က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လူ ၁၃သန်းကျော်ဟာ စားနပ်ရိက္ခာမလုံခြုံမှုကို ရင်ဆိုင်နေရပြီး လူသုံးသန်းခွဲကတော့ စစ်ဘေးရှောင် နေကြ ရတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ထုတ်ပြန်ပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အသစ်ကတော့ မြန်မာပြည်သူတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေရတယ်လို့ ပြောပါတယ်။

……………………………………..

တရုတ်နယ်စပ်မြို့ ကန်ပိုက်တီကို KIA သိမ်းယူ

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိသည့် ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၂၀ရက်မနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညနေပိုင်းမှာ သိမ်းယူလိုက်ပါတယ်။

KIA ဟာ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ လွယ်ဂျယ်နဲ့ ဖီမော်မြို့ကို သိမ်းယူထားပြီး ကန်ပိုက်တီ ကိုလည်း ထပ်မံသိမ်းယူလိုက်တာကြောင့် တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကချင်ပြည်နယ်ထဲက မြို့အားလုံးကို ထိန်းချုပ်သွားနိုင်ပြီ ဖြစ်ပါတယ်။ ကန်ပိုက်တီဟာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ထိန်းချုပ်တဲ့ ကချင်အထူးဒေသ (၁) ရဲ့ နောက်ဆုံးကျန်ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တရုတ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ ကန်ပိုက်တီ သိမ်းယူခံရပြီးနောက်မှာ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်ဂိတ်တွေ အားလုံး ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။

……………………………………..

တောင်ကုတ်မြို့ကို AA ထိန်းချုပ်

ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့ပေါ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက်မှာ မြို့ပေါ်ကို AA က ထိန်းချုပ်လိုက်တာ ဖြစ်ပြီး စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ (၅) ၊ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တွေနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေပြီး မြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေဟာ နိုဝင်ဘာလ ၁၅ ရက်ကစပြီး ပိတ်သိမ်းလိုက်ကြပြီဖြစ်ပါတယ်။

တောင်ကုတ်၊ အမ်း၊ ဂွ၊ မောင်တောမြို့နယ်တွေကို သိမ်းယူနိုင်ဖို့ လက်တစ်ကမ်းအလိုရောက်နေပြီလို့ AA က နိုဝင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

……………………………………..