BREAKING
December 26, 2024

စစ်ကောင်စီတပ်က ဆင်ဒင်ရွာရှိ နေအိမ်ခြောက်လုံးကိုမီးရှို့ပြီး အရပ်သားနှစ်ဦးကိုဖမ်းဆီး

November 23, 2024

ပုံစာ-စစ်ကောင်စီတပ်က ဆင်ဒင်ရွာရှိ ပြည်သူနေအိမ်များကိုမီးရှို့ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - တနင်္သာရီပကဖ ဇုန်-၃

တနင်္သာရီမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဆင်ဒင်ရွာသားနှစ်ဦးကို ဖမ်းဆီးပြီး နေအိမ် ၆ လုံးမီးရှို့ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ (နိုဝင်ဘာ ၂၃) နံနက် ၆ နာရီအချိန်တွင် တနင်္သာရီမြို့နယ်ထဲက ဇဝဲနှင့်ရမ်းဖိုကျေးရွာအကြားရှိ ကျောက်ချောင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆင်ဒင်ရွာနေ အသက် ၆၀အရွယ် ဦးမောင်အေးနှင့် အသက် ၃၀အရွယ် ဦးချစ်ဆန်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။

“ရွာနားမှာ မိုင်းဆွဲခံရပြီး သူတို့ဘက်ကအထိနာလို့ ရမ်းပြီးဖမ်းဆောင်သွားတာမျိုးပါ။ ဖမ်းခေါ်သွားတဲ့ အရပ်သားနှစ်ဦးကို ခမရ ၅၅၆ ဇဝဲတပ်ရင်းထဲကိုပဲဖမ်းခေါ်သွားတာ” ဟု တနင်္သာရီရိုးမ၊ ဇုန်(၃) အဖွဲ့၏ ဇုန်တာဝန်ခံရဲဘော်အိုတူးက ပြောသည်။

မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ဆင်ဒင်ရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ခဲ့သဖြင့် နေအိမ် ၆ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် နေအိမ်အချို့ကို ဖောက်ထွင်းကာ လက်ဝတ်လက်စားများနှင့် ငွေကြေးများ ယူဆောင်သွားကြောင်း မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက အင်အား ၈၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆွဲမိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း တနင်္သာရီရိုးမ၊ ဇုန် (၃) အဖွဲ့၏ ဇုန်တာဝန်ခံရဲဘော်အိုတူးက ပြောသည်။

စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က မိုင်းဆွဲခံရသည့်နေရာတဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့အပြင် အနီးဝန်းကျင်ရှိ ဘန်းလမွတ်၊ ရမ်းဖိုကျေးရွာများကို ဦးတည်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ကို တွေ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။