■ သတင်းဖြည့်စွက်ချက်
မြိတ်မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းများနှင့် မီးသတ်သတင်းရင်းမြစ်အချို့ထံ နိုဝင်ဘာလ ၂၄ ရက်တွင် နောက်ဆက်တွဲမေးမြန်းချက်အရ ငါးဖမ်းစက်လှေ မီးလောင်မှုတွင် ဒဏ်ရာရသူသုံးဦးအပြင် မီးလောင်ခဲ့သည့် စက်လှေအတွင်း၌ မီးလောင်ထားသည့် လူဦးခေါင်းခွံတစ်ခုလည်း တွေ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းခဲ့သူသည် လှေလုပ်သားဖြစ်နိုင်သည်ဟု မြို့ခံများက ယူဆပြောဆိုနေကြသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။
– – – – – – – – –
မြိတ်မြို့၊ တလိုင်းစုရပ်၊ ဆိပ်ငယ်ဘောတံတားအနီး ရေလယ်ရှိ ဆီဘောတွင် ဆီဖြည့်ရန်ကပ်ထားသည့် ဝါလတ်ငါးဖမ်းလှေတစ်စီး ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၆ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနှင့် မြို့ခံပရဟိတ အသင်းများထံကသိရသည် ။
မီးသတ်ယာဥ်များနှင့် အထောက်အကူပြုအဖွဲ့များ၏ ငြှိမ်းသတ်မှုကြောင့် တစ်နာရီကျော်အကြာတွင် မီးငြိမ်းခဲ့သည်။
ငါးဖမ်းလှေ ဆီဖြည့်နေစဥ် မီးစတင်လောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်သည်။
မီးလောင်မှုကြောင့် ဝါလတ်ငါးဖမ်းလှေ၏ အပေါ်ပိုင်းအားလုံးနီးပါးမီးလောင်ပျက်စီးသွားကြောင်း မှတ်တမ်း ဓာတ်ပုံများတွင်တွေ့ရသည် ။






အဆိုပါ လှေမီးလောင်မှုအတွင်း လှေလုပ်သားနှစ်ဦး တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ရဲဘော်တစ်ဦးတွင် ခြေထောက်၌ ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း မြို့ခံပရဟိတအသင်းတစ်ခုထံကသိရသည်။
“ရေလယ်က ဆီဘောမှာ မီးလောင်တော့ လှေပေါ်ပါတဲ့ လူတွေ ရေထဲခုန်ချကြတာကို သမ္ဗာန်လှေနဲ့ လိုက်ဆယ်ပေးရတယ်” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် ပရဟိတ အဖွဲ့ဝင်တစ်ဦးကပြောသည် ။
မြိတ်မြို့ တွင် နိုဝင်ဘာလ ၁၅ ရက်ညကလည်း ကရာနီလမ်းဆုံအနီးတွင် မီးပုံးပျံပြုတ်ကျ၍ မီးလောင်မှုအသေးစားတစ်ခု ဖြစ်ခဲ့သေးကြောင်းမြို့ခံများထံကသိရသည်။