BREAKING
December 23, 2024

ထားဝယ်နှင့်မြိတ်တွင် စစ်ကောင်စီက ပိုလီတက္ကနစ်တက္ကသိုလ် ပြိုင်တူဖွင့်လှစ်

November 23, 2024

ပုံစာ - ထားဝယ်နှင့်မြိတ်တွင် စစ်ကောင်စီ က ပိုလီတက္ကနစ် တက္ကသိုလ် များဖွင့်ပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး ဝက်ဆိုဒ်။

ထားဝယ်မြို့ နှင့်မြိတ်မြို့တို့တွင် စစ်ကောင်စီက ပိုလီတက္ကနစ်တက္ကသိုလ်နှစ်ခုကို နိုဝင်ဘာလ ၂၁ ရက်က ပြိုင်တူ ဖွင့်လှစ်ခဲ့သည့်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝက်ဆိုဒ်တွင် ဖော်ပြထားသည် ။

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျုတာတက္ကသိုလ်များကိုပူးပေါင်း၍ ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဖွင့်လှစ်နိုင်ရန်စစ်ကောင်စီဘက်မှ ပြီးခဲ့သည့်ဇွန်လတွင် ဆွေးနွေးခဲ့ပြီးနောက် ၅ လအကြာတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထားဝယ် ပိုလီတက္ကနစ်တက္ကသိုလ်ကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်ပိုလီတက္ကနစ်တက္ကသိုလ်ကိုမူ စစ်ကောင်စီ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း က ဖွင့်လှစ်ပေးခဲ့သည် ။

ပိုလီတက္ကနစ်တက္ကသိုလ်သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊သင်္ချာပညာရပ်များနှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ပညာရပ်များအား ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်သင်တန်းများကို လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသော တက္ကသိုလ် ဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ဦးမြတ်ကိုက ပြောကြားသည်။

စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ အပြောသာရှိပြီး လက်တွေ့တွင် ဖြစ်မြောက်လာဖွယ်မရှိကြောင်း၊ လက်တွေ့တွင် ပြောသလိုလုပ်ရန်မရှိဘဲ ၎င်းတို့အာဏာတည်မြဲရေးအတွက် လုံခြုံရေးရှုထောင့်က လုပ်ခြင်းသာဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

မြိတ်နည်းပညာတက္ကသိုလ် က CDM ဆရာမတစ်ဦးက ယခု ပိုလီတက္ကနစ်တက္ကသိုလ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ “စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံမှုမရှိသလို အခု ပိုလီတက္ကနစ်တက္ကသိုလ်ကလည်း ရည်ရွယ်ထားတဲ့အတိုင်းလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

မြိတ်နည်းပညာတက္ကသိုလ်က CDMကျောင်းသူတစ်ဦးကလည်း “စကစ ကနာမည်ပြောင်းပြီး စနစ်ဟောင်းကိုပဲ ဆက်ကျင့်သုံးတတ်တာဆိုတော့ နာမည်ပြောင်းသွားပေမယ့် အရင်ကလိုပဲ ဘာမှပြောင်းမှာမဟုတ်ဘူး” ဟုမှတ်ချက်ပြု ပြောဆိုသည်။

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် နှစ်ခုကို ပေါင်း၍ ပိုလီတက္ကနစ်တက္ကသိုလ် အဖြစ် ဖွင့်လှစ်ခြင်းသည် ကျောင်းသားများကို စစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ကွန်ပျုတာတက္ကသိုလ်(မြိတ်) ကျောင်းသားများသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့၏ ယာယီတာဝန်ခံက ပြောသည်။

“စစ်ကောင်စီ ရဲ့ ဆုတ်ယုတ်လာတဲ့အပိုင်းကိုလည်းမြင်တယ် ။ ဘယ်လိုလဲဆိုတော့ လူသားအရင်းအမြစ်နဲ့ ငွေရေးကြေးရေး အားနည်းလာတာ ဖြစ်နိုင်တယ် ။ အဲဒီအပေါ်မှာ လုံးလုံးမထိန်းချုပ်ရအောင် ၊ ကျောင်းသားတွေကို သူတို့မျက်စိအောက်မှာ ဒေါက်ထောက်ကြည့်ပြီး လွတ်လပ်စွာပညာသင်ကြားခွင့် နဲ့ လုံခြုံရေး ကို တင်းကျပ်ချင်တဲ့ အတွက်လုပ်တာလိုမြင်တယ် ။ အဲဒါကြောင့် ကောင်းတဲ့ အရွေ့တစ်ခုတော့ ဖြစ်မှာမဟုတ်ဘူး” ဟု ၎င်းက သုံးသပ်ပြသည်။

စစ်ကောင်စီ အာဏာမသိမ်းမီက တနင်္သာရီတိုင်းအတွင်းရှိ နည်းပညာတက္ကသိုလ်နှစ်ခုနှင့် ကွန်ပျူတာတက္ကသိုလ်နှစ်ခုကို ဘက်စုံတက္ကသိုလ် သို့မဟုတ် ပိုလီတက္ကနစ်တက္ကသိုလ် အဖြစ်ဖော်ဆောင်ရန် ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသား သမဂ္ဂများက စီစဥ်ခဲ့ဖူးကြောင်း သမဂ္ဂအသိုင်းအဝိုင်းထံကသိရသည်။

စစ်ကောင်စီ ကဖွင့်လှစ်သည့် ပိုလီတက္ကနစ်တက္ကသိုလ်တွင် စနစ်သစ်ပညာရေး Kg+12 ဖြင့် အောင်မြင်လာသူများသည် အင်ဂျင်နီယာဘာသာရပ်များအတွက် နည်းပညာအထူးပြု ဘာသာရပ်များကို သင်တန်းကာလ ၅ နှစ် သင်ယူရမည်ဖြစ်သည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြုဘာသာများဖြစ်သော ကွန်ပျူတာသိပ္ပံသင်တန်းနှင့် ကွန်ပျူတာ နည်းပညာသင်တန်းစသည့် ကွန်ပျူတာအထူးပြုဘာသာရပ်များကို သင်တန်းကာလ (၄)နှစ်သင်ယူရမည်ဟု သိရသည် ။

မြိတ် ပိုလီတက္ကနစ်တက္ကသိုလ်တွင် ယခုပညာသင်နှစ်အတွက် ဝင်ခွင့်ရသူ နည်းပညာအထူးပြု ၅၀ ဦး ၊ ကွန်ပျူတာအထူးပြု ၄၅ ဦးရှိပြီး ထားဝယ်ပိုလီတက္ကနစ် တက္ကသိုလ်တွင်မူ နည်းပညာအထူးပြု ၉ ဦး ၊ ကွန်ပျူတာအထူးပြု ၁၃ ဦး ဝင်ခွင့်ရသည်ဟု ပညာရေးဝန်ကြီးဌာန ဝက်ဆိုဒ်တွင်ဖော်ပြထားသည် ။

ထားဝယ်ပိုလီတက္ကနစ် တက္ကသိုလ်ကို ယခင် ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ဖွင့်လှစ်ထားပြီး မြိတ်ပိုလီတက္ကနစ် တက္ကသိုလ်ကိုမူ ယခင် မြိတ် နည်းပညာ တက္ကသိုလ် တွင်ဖွင့်လှစ်ထားသည်။