BREAKING
November 23, 2024

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် နေအိမ်များကို မီးရှို့

November 23, 2024

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနှင့်ရမ်းဖိုကျေးရွာကြားတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကို မီးရှို့နေကြောင်း ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှသိရသည်။

ယနေ့ (နိုဝင်ဘာ ၂၃ရက်) နံနက် ၆ နာရီခန့်တွင် ဇဝဲအခြေစိုက်တပ်ရင်းမှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ဇဝဲရွာနှင့် ရမ်းဖိုကျေးရွာကြားရှိ ကျောက်ချောင်းတောင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို မြိတ်ပကဖနှင့် တနင်္သာရီပကဖဇုန် ၃ ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။

“သူတို့တော်တော်လေး အထိနာသွားတာ။ သေဆုံးနဲ့ နာတဲ့သူ ဆယ်ယောက်အထိ ရှိတယ်လို့ ကနဦးသိထားရတယ်။ Vigo ကားနဲ့ သေဆုံးနဲ့နာတဲ့သူကို ဇဝဲတပ်ရင်းကို ပြန်သယ်ယူသွားတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် နှင့် ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အ‌နေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ယင်းသို့မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဇဝဲကျေးရွာအုပ်စု ဇဝဲနှင့်ရမ်းဖိုရွာကြားရှိ ဆင်ဒင်ရွာက အရပ်သား နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

လက်ရှိတွင် နေအိမ် ၅ လုံးအထိ မီးလောင်ပျက်စီးသွားပြီဟု သိရကြောင်း ၎င်းတို့က ပြောသည်။

“လောလောဆယ်တော့ စကစက တပ်ဖြန့်ထားတာ။ အိမ်တွေကိုလည်း မီးလိုက်ရှို့နေတော့ ရွာထဲမှာဘယ်သူမှမနေရဲကြသလို ရွာနားကိုမကပ်ရဲကြဘူး။ (ယနေ့နံနက်) ကိုးနာရီအထိ လက်နက်ကြီးသံတွေလည်းကြားနေရတယ်” ဟု တော်လှန်ရေးရဲဘော် တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။