မြိတ်မြို့ ထားဝယ်စုရပ်ကွက်ရှိ CB ဘဏ်ခွဲတွင် ငွေကျပ်သိန်း သုံးသောင်းကျော် စာရင်းကွာပျောက်ဆုံးနေပြီး ဒုမန်နေဂျာတစ်ဦးလည်း ထွက်ပြေးသွားကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
CB ဘဏ်၏ မြိတ်ဘဏ်ခွဲ ဒုမန်နေဂျာတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ရှိ ဦးမျိုးထွဋ်ဆိုသူသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“မန်နေဂျာ ပြေးသွားတဲ့ကိစ္စက ဘဏ်အချင်းချင်းကြားပဲ ကြားနေရတာ။ သိုသိုသိပ်သိပ်လုပ်နေကြတာထင်တယ်။ အပြင်ကို သတင်းသိပ်မထွက်ဘူး” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ CB ဘဏ်ရုံးချုပ် content center ၏ ဖုန်းနံပါတ်အား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ရာ call agent များ မအားသေးသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
အဆိုပါ ဘဏ်ခွဲသို့ စစ်ကောင်စီက ငွေကြေးလုံခြုံမှုအတွက် ငွေများလွှဲထားခြင်းဖြစ်ပြီး ပြန်လည် ထုတ်ယူသည့် အချိန်တွင် ဘဏ်တွင် ငွေလုံးဝမရှိဘဲ ဘဏ်၏ဒုမန်နေဂျာဆိုသူလည်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။
“ငွေရော လူပါပြေးသွားတာလို့ ကြားရတယ်။ ငွေဘယ်လောက်ပါသွားသလဲဆိုတာ သေချာမသိရဘူး” ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့အပြင် ဒုမန်နေဂျာဆိုသူသည် ဘဏ်လုပ်ငန်းအတွက် အရေးပေါ်ငွေများလိုအပ်သည်ဟုဆိုကာ ပြင်ပရှိ ရင်းနှီးသည့်မိတ်ဆွေတချို့ထံမှ ငွေသိန်းထောင်ဂဏန်းအထိ ချေးယူထားသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောဆိုသည်။
ထို့ကြောင့် ငွေထုတ်ချေးထားသည့် လုပ်ငန်းရှင်အချို့က ဦးမျိုးထွဋ်ကို မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။