တိတ်ဆိတ်တဲ့ညအလယ်။ ခြောက်ကပ်ကပ်နဲ့ သုသာန် တစပြင်လေလား ထင်ရတဲ့ အိမ်ငယ်လေးတစ်လုံးက အိမ်တံခါးပေါက်။ ကျွန်တော်တို့ရောက်သွားတဲ့အခါ အသင့်ပါလာတဲ့ လက်နှိပ်ဓာတ်မီးနဲ့ အိမ်တံခါးကို ထိုးကြည့်လိုက်တယ်။
ပွင့်လျက်သား အိမ်တံခါးပေါက်ဟာ မရှိတော့တဲ့သူတစ်ယောက် ဝင်လိုက်ထွက်လိုက် လုပ်နေသလိုမျိုး။
ညီလေးရေ . . . ။
အောက်တိုဘာလ ၁၆ ရက်မှာ စစ်မိစ္ဆာ စစ်ကောင်စီတပ်တွေက သူ့ကိုဖမ်းသွားခဲ့တာပါ။
သူအဖမ်းခံလိုက်ရတယ်ဆိုတာ သိလိုက်ရတဲ့အချိန် မသိစိတ်က ဘာလို့များ စိုးရိမ်ထိတ်လန့်နေသလဲလို့ ကိုယ့်စိတ်ကိုပြန်မေးပြီး သူ့အမေရှိရာ ထွက်လာခဲ့တာပါ။
သားပျောက်လို့ သောကပင်လယ်ဝေနေရှာတဲ့ မိခင်တစ်ယောက်ကို ကျွန်တော်တို့တတွေ အားပေးနှစ်သိမ့်ခဲ့ကြရတယ်။ တကယ်တမ်းကျတော့ ကိုယ်မဖြစ်စေချင်တဲ့အရာကို ငြင်းဆန်ပြီး အကောင်းဆုံးကို မျှော်လင့်နေခဲ့ကြတာ။
“အန်တီရေ… သိပ်လည်းစိတ်မပူပါနဲ့။ သူ့မှာဘာအပြစ်မှမရှိတာ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွတ်လာမှာပါ။ ကျွန်တော်တို့လည်း သူ့သတင်းကို တောက်လျှောက် စုံစမ်းနေပါမယ်” လို့ နှစ်သိမ့်ရင်း ပြန်လာခဲ့ကြတယ်။
သူဆိုတာက အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကိုပါ။ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မလုယူသွားသူတွေအပေါ် အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်နေတဲ့ တော်လှန်ကြယ်တစ်ပွင့် ဆိုလည်းမမှား။
သူ့ဇာတိ လောင်းလုံးမြို့နယ်တစ်ကြော အကြမ်းမဖက်လူထုလှုပ်ရှားမှု လမ်းမတွေပေါ်မှာ သူ့ခြေရာတွေအထပ်ထပ်။
အောက်တိုဘာလ ၁၃ ရက်ကတည်းက လောင်းလုံးမြို့နယ် ညင်းမော်ဘုန်းကြီးကျောင်းကိုရောက်ရှိ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ ၁၆ ရက်မှာ ကိုမင်းကိုကိုရဲ့ နေအိမ်ဆီ တည့်တည့်မတ်မတ် စစ်ကြောင်းထိုး ရောက်လာခဲ့ကြတယ်။
လမ်းတစ်လျှောက် တော်လှန်ရေးအဖွဲ့တွေနဲ့ အကြိမ်ကြိမ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားရင်း ရောက်လာခဲ့ကြတာပါ။
မိစ္ဆာတပ်ကြီးချီလာတိုင်း အနီးအနားက ဒေသခံရွာသား ထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် ကိုမင်းကိုကိုကတော့ လူမမာဖခင်ကြီးကို ပစ်မပြေးရက်ခဲ့လို့ အိမ်မှာပဲနေကျန်ခဲ့တာပါ။
ဒီလိုနဲ့သူဟာ စစ်မိစ္ဆာတွေရဲ့လက်ထဲ သက်ဆင်းခဲ့ရရှာတယ်။
သိပ်မကြာပါဘူး။ အောက်တိုဘာလ ၂၁ ရက် နေ့လယ်လောက်မှာ သတင်းတစ်ခုကြားလိုက်တယ်။ သူ့ရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို စစ်မိစ္ဆာတွေ စခန်းချခဲ့တဲ့ ညင်းမော်ရွာဘုန်းကြီးကျောင်း အနီးအနားမှာ တွေ့တယ်တဲ့။
မဲမဲမြင်ရာ သေနတ်နဲ့ပစ်ခတ်နေတဲ့ မိစ္ဆာတပ် နောက်ပြန်ဆုတ်သွားမှ သူ့အလောင်းရှိရာဆီ ကျွန်တော်တို့ရောက်သွားခဲ့ကြတာပါ။
မဖြစ်နိုင်ဘူး။ အဲဒီလိုမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့အတင်းငြင်းနေခဲ့ကြတယ်။
ဒါကလည်း မဖြစ်စေချင်တာ၊ လုံးဝမမျှော်လင့်ရဲတာကို မဖြစ်ပါစေနဲ့လို့ တိုးတိုးတိတ်တိတ် ဆုတောင်းရင်း အထိတ်တလန့် ငြင်းဆန်မိနေရုံပါ။
ပြန်လွတ်လာလိမ့်မယ်လို့ မပီပြင်ဝိုးတဝါး မျှော်လင့်ခဲ့ကြပါသေးတယ်။
လူတစ်ယောက်မသေဖို့ ဆုတောင်းရင်း နောက်ဆုံးတော့လည်း လူတစ်ယောက် ဆုံးပါးသွားပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ရတာပါပဲ။
မျက်လုံးကို ပဝါစည်းပြီး လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အသက်မဲ့ခန္ဓာကိုယ်မှာ ညစ်ထေးနေတဲ့ မြေမှုန့်တို့ အလိမ်းလိမ်း။
စစ်မိစ္ဆာတွေက လူသားမဆန် ရက်ရက်စက်စက် လည်လှီးသတ်ပြီး မြေမြှုပ်ထားခဲ့သတဲ့လား။ မြင်ကွင်းပေါ်မှာတော့ ခေါင်းနဲ့ ကိုယ် အိုးစားမကွဲလုနီးနီး။ ပွယောင်းယောင်း မြေသားပြင်ပေါ် လက်တစ်ဖက်ကပေါ်နေတယ်။
အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်သူ တစ်ဦးကို ဘာကြောင့်များ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါသလဲ။ သားရှင်မိခင်အတွက်တော့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေချင်စရာ။
သူ့ဘေးမှာလည်း သူနဲ့အရွယ်တူ လူငယ်တစ်ယောက် မလှုပ်မယှက် လဲလျောင်းနေရှာတယ်။ ဘယ်သူ၊ ဘယ်ဝါးမှန်း မသိနိုင်လောက်အောင် ရုပ်ဆင်းအင်္ဂါတွေ ပျက်ယွင်းနေကြပါပြီ။
တချို့က Barcelona နံပါတ် ၉ အားကစားဘောင်းဘီတိုလေး တစ်ထည်ကိုကြည့်ပြီး ကိုမင်းကိုကိုဖြစ်ကြောင်း မဝံ့မရဲ အတည်ပြုဖို့ကြိုးစားကြတယ်။
ကျွန်တော်ကတော့ သူ့မျက်လုံးတွေကိုကြည့်ပြီး တကယ်ပဲ သူရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြီဆိုတာ လက်ခံလိုက်မိတယ်။
လူမဆန်စွာ နှိပ်စက်ခံထားရတဲ့ သူ့မျက်နှာက မပီမသ၊ ဖူးရောင်ညိုမဲနေတဲ့ ဒဏ်ရာတွေနဲ့ လမ်းဘေးမှာ ဖြစ်သလို မြေမြှုပ်အလောင်း စွန့်ပစ်ခဲ့တဲ့အကြောင်း သူ့အမေဆီရောက်ရင် ကျွန်တော်တို့ ဘယ်လို အသိပေးရမလဲ။ တစ်ယောက်ကိုတစ်ယောက်မေးရင်း အပြန်လမ်းမှာ ဆွံ့အလို့။
ဪ…..သားပျောက်မိခင်တစ်ယောက်ရဲ့သောက ဘယ်လောက်များ ပူလောင်နေရှာမလဲ တွေးမိပါသေးတယ်။
မိဘတို့ချစ်ခြင်းမေတ္တာဟာ သားသမီးတွေ ဘေးဒုက္ခနဲ့ကြုံတော့မှ ပိုပြီးပေါ်လွင်လာတတ်တယ် မဟုတ်လား။
သားပျောက်မိခင်ဟာ ကျွန်တော်တို့ ပါးစပ်တွေဆွံ့အနေတုန်းမှာပဲ ရှိုက်ကြီးတငင်ငိုချလိုက်တော့တယ်။
မိုးရေတွေနဲ့အတူ စိုစွတ်နေတဲ့ ကျွန်တော်တို့ရဲ့ မျက်လုံးတွေပေါ်က မျက်ရည်စတွေကိုမြင်ပြီး ရင်နှစ်သည်းချာသားတစ်ယောက် တကယ်ပဲ အိမ်မပြန်လာနိုင်တော့ဘူးဆိုတာ သူ့အမေသဘောပေါက်သွားခဲ့ပြီ။
ငိုပါ…..ငိုကြွေးလိုက်စမ်းပါ။
ဘာသာရေးထုံးတမ်းနဲ့အညီ အသုဘတောင် မချလိုက်ရတဲ့ သားတစ်ယောက်အတွက် ငိုကြွေးလိုက်စမ်းပါ။ နောက်ဆုံးအနေနဲ့တောင် ဘဝမှာ ချစ်မြတ်နိုးရဆုံး သားတစ်ယောက်ရဲ့မျက်နှာကို မမြင်လိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ငိုကြွေးပါ။
အပြစ်ဆိုလို့ ဘာဆိုဘာမှ မရှိတဲ့လူတစ်ယောက်ကို ကြက်ကလေး၊ ငှက်ကလေးသတ်သလိုမျိုး လက်နှောင်ကြိုးတုတ် လည်လှီးသတ်ဖြတ်ဝံ့တဲ့ စစ်မိစ္ဆာဆိုးတွေကို နာကြည်းတဲ့စိတ်နဲ့ ငိုကြွေးလိုက်စမ်းပါ။
ကျွန်တော်နဲ့သူဟာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုလမ်းတွေအပေါ် ကြိမ်ဖန်များစွာ အတူတူလျှောက်ဖူးခဲ့ပေမယ့် သူ့အိမ်ကို ပထမဆုံးအခေါက် ရောက်ဖူးတဲ့အချိန်မှာပဲ သူမရှိတော့ဘူး။
လျှော်ဖို့ရေစိမ်ထားဆဲ သူ့အဝတ်ပုံးကိုကြည့်တော့ သွေးညှီနံ့ရတယ်။ ချိတ်လျက်သား သူ့အကျီတွေကို ကြည့်တော့လည်း သွေးကွက်တွေ စွန်းထင်းနေသလိုပဲ။ ကျွန်တော်ဟာ အိမ်နံရံတွေမှာ သူနဲ့ပတ်သက်တာတွေ လိုက်ရှာနေမိတယ်။
အခြေခံပညာအထက်တန်းကျောင်း အ.ထ.က အောက်ရေဖြူကျေးရွာမှာ ပညာသင်ကြားနေတဲ့ မောင်မင်းကိုကိုသည် တတိယတန်းတွင် တတိယဆုရရှိတဲ့အတွက် ချီးမြှင့်ထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာရယ်၊ ဆုလက်ခံယူနေတဲ့ ကလေးဘဝကပုံတွေရယ် တွေ့လိုက်ရတယ်။
နံရံတွေမှာ ချိတ်ထားတဲ့ သူ့ပုံတွေကိုဆက်ကြည့်ပြီး တစ်စုံတစ်ရာတွေးနေတုန်းမှာပဲ ငိုသံတွေထွက်ကျလာလို့ လှည့်ကြည့်လိုက်တယ်။
ဖြေမနိုင်ဆည်မရ ပြန်မလာနိုင်တော့တဲ့ သားတစ်ယောက်အတွက် သတိရတိုင်း ငိုကြွေးနေရှာတဲ့ မိခင်တစ်ယောက်ရယ်၊ နောက် ယောက်ကျားရင့်မာကြီး တစ်ယောက်။
ကျန်းမာရေးမကောင်းလို့ မပြေးရက်ဘဲ သူပြုစုစောင့်ရှောက်နေပါတယ်ဆိုတဲ့ သူ့အဖေပေါ့။
စိတ်ကိုခပ်တင်းတင်း ချုပ်နှောင်ထားရာကနေ ထွက်ကျလာတဲ့ ငိုသံမျိုးနဲ့ သူ့အဖေဟာ ငိုကြွေးရှာတယ်။ ကျွန်တော်တို့တတွေရဲ့ မျက်လုံးအိမ်တွေမှာလည်း ကိုယ်စီမျက်ရည်စတွေနဲ့ပေါ့။
ညီလေးရေ . . . မင်းစိုက်ခဲ့ဖူးတဲ့ သမိုင်းတွေ တစ်နေ့ အသီးသီးလာမှာ။ လောင်းလုံး လမ်းမတွေ သက်သေထူပြီးတော့ပေါ့။
အခုတော့ ညီလေးရေ . . . “ကောင်းရာသုဂတိလားပါစေ”
မိုးစက်