BREAKING
January 11, 2025

လီကွမ်ယု၏ သားငယ် ယူကေတွင် နိုင်ငံရေးခိုလှုံခွင့်ခံယူ

October 23, 2024

မိခင်တိုင်းပြည်၏ ဖိစီးနှိပ်စက်မှုမှ လွတ်မြောက်ရန် ယူကေနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ခံယူလိုက်ပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို တည်ထောင်သူနှင့် ခေါင်းကိုင်ဖခင်ကြီး အဖြစ်ထင်ရှားသော လီကွမ်ယု၏ သားငယ်ဖြစ်သူ လီရှန်ယန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

သူ့အတွက် နောက်ဆုံးရွေးချယ်စရာတစ်ခု အနေနှင့် ၂၀၂၂ ခုနှစ်တွင် ယူကေအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် ယူကေအစိုးရက လက်ခံလိုက်ကြောင်း လီရှန်ယန်းက အသိပေးလိုက်သည်။

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုတွင် လီရှန်လွန်း (၇၂ နှစ်)၊ လီဝေလင်း (၆၉ နှစ်) နှင့် လီရှန်ယန်း (၆၇ နှစ်) တို့ မောင်နှမ သုံးဦး ထွန်းကားသည်။

ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အစ်မဖြစ်သူ လီဝေလင်းနှင့် လီရှန်ယန်းတို့မောင်နှမသည် အစ်ကိုကြီးဖြစ်သူ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းနှင့် ဆက်ဆံရေးမသင့်မမြတ်ဖြစ်နေခဲ့သည်မှာ နှစ်နဲ့ချီ ရှိနေခဲ့ပြီ ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းသည် စင်္ကာပူနိုင်ငံကို ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ်နှစ်ခုကြာအောင် အုပ်ချုပ်ခဲ့ပြီး ယခုနှစ် မေလတွင် ရာထူးမှ အနားယူသွားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည့် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး၏ နေအိမ်ကိစ္စအပေါ် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပြီး မောင်နှမဆက်ဆံရေး မသင့်မမြတ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယင်းဆက်ဆံရေး မသင့်မြတ်မှုကြောင့် လီရှန်ယန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီတစ်ခုနှင့်အတူ ရပ်တည်ခဲ့သည်။ စင်္ကာပူသမ္မတရာထူးအတွက် ဝင်အရွေးခံရန် စဉ်းစားနေကြောင်း လီရှန်ယန်းက ပြီးခဲ့သည့် နှစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖခင်တည်ထောင်ခဲ့သော စင်္ကာပူနိုင်ငံတွင် အာဏာရှင်ဆန်သည့်အစိုးရသည် မိမိအပေါ် နှိပ်စက်ကလူ ပြုနေကြောင်း လီရှန်ယန်းက The Guardian သတင်းစာနှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ မိသားစုအတွင်း ဆက်ဆံရေးမသင့်မြတ်မှုနောက်ပိုင်း အတိုက်အခံပါတီကို သူ ထောက်ခံခဲ့သည့်အတွက် ယင်းသို့ ပြုမူခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စီးပွားရေးအရကြည့်ရင်အဆင့်မြင့်တဲ့ ကြွယ်ဝမှုတွေရှိနေပေမယ့် စင်္ကာပူမှာ အမှောင်ခြမ်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ စင်္ကာပူအစိုးရက အင်မတန်ဖိနှိပ်တဲ့ အစိုးရဖြစ်နေတာပါ။ စင်္ကာပူကို လူတွေက နိဗ္ဗာန်ဘုံတစ်ခုလို ထင်ထားကြတယ်။ အဲဒါက မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

လီရှန်ယန်းက သူ့ကို ဖိနှိပ်သည်ဟု စွပ်စွဲခြင်းမှာ အခြေအမြစ်မရှိကြောင်း စင်္ကာပူအစိုးရက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း စင်္ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြခဲ့သည်။

အစ်ကိုဖြစ်သူ လီရှန်လွန်း၏ အနှစ်၂၀ကြာ အုပ်ချုပ်မှုအောက်တွင် စင်္ကာပူအာဏာပိုင်များက မိမိ၏ ဇနီးဖြစ်သူ၊ သားဖြစ်သူနှင့် မိမိကိုယ်တိုင်အပေါ် ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်ရန် အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ ဖန်တီးခဲ့ကြောင်း၊ ယင်းလုပ်ဆောင်ချက်များမှာ သူ့အနေဖြင့် စင်္ကာပူတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့် အနေအထားအထိ အရှိန်မြင့်လာခဲ့ကြောင်း လီရှန်ယန်းက ဆိုသည်။

Ref: The Guardian, Al Jazeera, CNA