BREAKING
October 30, 2024

ထိုင်း ဆင့်ပွားစီးပွား အရှုပ်တော်ပုံ

October 23, 2024

ထိုင်းမှာ စီးပွားရေး ငလျင်တစ်ခု လှုပ်နေပါတယ်။ ဆင့်ပွားစီးပွား (MLM) လို့ မြန်မာပြည်မှာ လူသိများတဲ့ ပိရမစ်ပုံစံ Multi-level Marketing (MLM) စနစ် အွန်လိုင်း ဈေးရောင်း လုပ်ငန်းစုကြီးတစ်ခုရဲ့ အရှုပ်တော်ပုံဟာ လက်ရှိမှာ ထိုင်းတစ်နိုင်ငံလုံးကို ကိုင်လှုပ်နေတာပါ။

ထိုင်းနိုင်ငံက နာမည်ကျော် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ၊ နိုင်ငံရေးသမားတွေ၊ ဆယ်လီဘရစ်တီတွေနဲ့ ထိုင်းအစိုးရဌာန အချို့ ပါဝင်ပတ်သက်နေတဲ့ ဒီ MLM ပြဿနာဟာ နိုင်ငံရေးအရှုပ်တော်ပုံအဆင့် ရောက်လာနေတယ်လို့ ထိုင်းမီဒီယာတွေက ဆိုပါတယ်။

ဒီ့အပြင်မကပါဘူး။ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်နေတဲ့ ပိရမစ်စီးပွားရေးငလျင်တစ်ခုထိ ဖြစ်လာပါတယ်။

iCON Group ဆိုပြီး ထိုင်းနိုင်ငံမှာ နာမည်ကျော်တဲ့ ဒိတ်ဒိတ်ကြဲ အွန်လိုင်း အရောင်းအင်ပါယာကြီးရဲ့ လိမ်လည်အမြတ်ထုတ်မှုဒဏ်ခံရလို့ စီးပွားပျက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြသူတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ကနေ လက်ရှိအချိန်အထိ ဒီMLM အရှုပ်တော်ပုံကြောင့် နစ်နာခဲ့ရတဲ့ ထိုင်းနိုင်ငံသား အယောက် ၇၀၀၀ နီးပါးက iCON ကုမ္ပဏီကို အမှုဖွင့်ထားပါတယ်။ တရုတ်၊ ဟောင်ကောင်၊ မကာယု၊ အီတလီ၊ ဂျာမနီ၊ ကနေဒါ၊ အက်စတိုးနီးယား၊ လူဇင်ဘတ် စတဲ့ နိုင်ငံတွေက နိုင်ငံသားတွေလည်း iCON ကုမ္ပဏီရဲ့ အလိမ်ဒဏ်ကို ခံစားခဲ့ရပါတယ်။ အမှုဖွင့်ထားသူတွေဘက်က ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ဖော်ပြထားတဲ့ စုစုပေါင်းငွေကြေးပမာဏဟာ ဘတ်ငွေ နှစ်ဘီလီယံကျော်ပါတယ်။

ပိရမစ်ငလျင်

အောက်တိုဘာလ အစောပိုင်းကစပြီး iCON ကုမ္ပဏီကို နစ်နာသူတွေဘက်က စုပြုံအမှုဖွင့်လာတဲ့အချိန်မှာ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေနဲ့ ထိုင်းဆယ်လီဘရစ်တီ သုံးယောက်ကို ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ကနဦးမှာတော့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Warathaphon Waratyaworrakul က သူ့ရဲ့ ကုမ္ပဏီဟာ ဥပဒေနဲ့ လုံးဝငြိစွန်းချိုးဖောက်ခြင်းမရှိဘူးလို့ အခိုင်အမာပြောခဲ့ပါတယ်။ ထိုင်းဆယ်လီဘရစ်တီသုံးယောက်ကတော့ သူတို့ဟာ iCON Group ရဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးဖို့ ငှားရမ်းခံရသူတွေသာ ဖြစ်တဲ့အကြောင်း၊ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပါဝင်လုပ်ဆောင်နေတာမျိုး မရှိဘူးဆိုပြီး ကာကွယ်ခဲ့ပါတယ်။

သူတို့သုံးယောက်ကတော့ ထိုင်းမင်းသား Yuranunt Pamornmontri ၊ မင်းသမီး Pechaya Wattanamontree နဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ Kan Kantathavorn တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းလူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ဒီဆယ်လီဘရစ်တီသုံးယောက်က သူတို့ကိုယ်သူတို့ iCON Group ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေအဖြစ် ဖော်ပြပြောဆိုနေတာကို တွေ့ရပါတယ်။

အောက်တိုလာ ၁၆ ရက်နေ့မှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က iCON ကုမ္ပဏီနဲ့ ဆက်စပ်တဲ့ သံသယတရားခံ ၁၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ထိုင်းမင်းသား၊ မင်းသမီးတွေအပြင် ကုမ္ပဏီရဲ့ စီနီယာအမှုဆောင်အရာရှိတွေနဲ့ အရောင်းမြှင့်တင်ရေး အရာရှိတွေပါ ပါဝင်ပါတယ်။

အများပြည်သူကို လိမ်လည်မှု ၊ ကွန်ပျူတာစနစ်ထဲ အချက်အလက်အမှားထည့်သွင်းမှုဆိုတဲ့ စွဲချက်တွေနဲ့ သူတို့အားလုံးကို တရားစွဲထားပါတယ်။ စုစုပေါင်းတန်ဖိုး ဘတ် တစ်ဘီလီယံထက် ကျော်လွန်တဲ့ ပိုင်ဆိုင်မှုတွေကို သံသယတရားခံတွေဆီကနေ အာဏာပိုင်တွေက သိမ်းဆည်းလိုက်ပါတယ်။ ဇိမ်ခံကား ၂၄ စီး၊ ငွေသား ဘတ် ၇ သန်းခွဲ၊ တန်ဖိုးကြီး လက်ပတ်နာရီ ၅၁ လုံးနဲ့ ၂၅ ဧကအကျယ်အဝန်းရှိတဲ့ မြေကွက်တစ်ကွက် ပါဝင်ပါတယ်။

သိမ်းဆည်းလိုက်တဲ့ ပိုင်ဆိုင်မှုတန်ကြေးဟာ နစ်နာသူတွေ ဆုံးရှုံးထားတဲ့ ဘတ်ငွေ နှစ်ဘီလီယံကျော်ထက် များစွာ ပိုနည်းနေပါသေးတယ်။

ကုမ္ပဏီရဲ့ MLM စနစ်ကြောင့် နစ်နာသူတွေ ဆုံးရှုံးထားတဲ့ စုစုပေါင်းပမာဏဟာ လက်ရှိဖော်ပြထားတဲ့ ကိန်းဂဏန်းထက် ၁၀ ဆပိုများတယ်လို့ လေ့လာသူအချို့က ပြောပါတယ်။

Boss Paul နှင့် MLM ကျော့ကွင်း

iCON ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Warathaphon ဟာ ထိုင်းနိုင်ငံမှာ ‘Boss Paul’ လို့ နာမည်ကြီးပါတယ်။ သူ့ရဲ့ လက်စွဲတော် စကားတစ်ခွန်း ရှိပါတယ်။

“မှားယွင်းတဲ့ နေရာမှာ ၁၀ နှစ် ကြိုးစားနေလို့ ခင်ဗျား ချမ်းသာမှာ မဟုတ်ဘူး”

ပြီးခဲ့တဲ့ အပတ် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ iCON ကုမ္ပဏီရဲ့ စနက်ကြောင့် သူ့ကိုယ်သူသတ်သေသွားတဲ့ အမျိုးသားတစ်ဦးရဲ့ ကျန်ရစ်သူ ဇနီးသည်မုဆိုးမက Boss Paul နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

“ခင်ဗျားရဲ့ ဆုံးရှံးနစ်နာမှုအတွက် ကျွန်တော် စိတ်မကောင်းပါဘူး”လို့ Boss Paul က ငိုယိုရင်း တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော့မှာ ဘတ်ငွေ တပြားမှ မကျန်တော့တဲ့အထိ ကျွန်တော် လျော်ကြေးပေးပါ့မယ်။ ကျွန်တော့မှာ ပေးစရာမရှိတော့ဘူးဆိုရင် ကျွန်တော် ပိုက်ဆံရအောင် ရှာပြီး ပြန်ပေးသွားမှာပါ”

Boss Paul ကို မြို့တော်ဘန်ကောက်ရဲ့ ဆင်းရဲသားရပ်ကွက်ကနေ ချမ်းသာအောင်မြင်လာသူတစ်ယောက်အဖြစ် သူ့ဘဝဇာတ်ကြောင်းကို iCON Group ရဲ့ MLM ယန္တရားအတွက် အောက်ခြေအရောင်းကိုယ်စားလှယ်တွေကို ဆွဲဆောင်စည်းရုံးရာမှာမကြာခဏ အသုံးချခဲ့ပါတယ်။

အခုနှစ် မေလမှာ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကြော်ငြာဗီဒီယိုတစ်ခုမှာ Boss Paul က iCON ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်တွေဟာ သေချာပေါက် ချမ်းသာလာစေရမယ်လို့ ကတိပေးနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ iCON Group ရဲ့ ကုန်ပစ္စည်းရောင်းရငွေဟာ ဘတ် ၁၁ ဘီလီယံအထိ ရှိခဲ့တယ်လို့လည်း အဲဒီဗီဒီယိုမှာ ပြောခဲ့ပါတယ်။

သက်ကြီးရွယ်အိုဖြစ်စေ၊ မသန်စွမ်းပုဂ္ဂိုလ်ဖြစ်စေ ဘယ်သူမဆို iCON ကုမ္ပဏီနဲ့ လက်တွဲပြီး အွန်လိုင်းမှာ ဈေးရောင်းရာကနေ ဘတ်သန်းနဲ့ချီ ဝင်ငွေရှာနိုင်တယ်လို့ iCON ကုမ္ပဏီက လူတွေကို အယုံသွင်းခဲ့ပါတယ်။ ရောင်းအားကောင်းတဲ့ အရောင်းကိုယ်စားလှယ်တွေဟာ ပြိုင်ကားတွေ၊ ဒီဇိုင်နာလက်ဆွဲအိတ်တွေ၊ တန်ဖိုးကြီးလက်ပတ်နာရီတွေနဲ့ ဆုချခံရမှာ ဖြစ်တယ်လို့ ဆွဲဆောင်စည်းရုံးတာတွေကလည်း iCON ကုမ္ပဏီအတွက် အတော်လေး အလုပ်ဖြစ်ခဲ့တယ်။

အရောင်းကိုယ်စားလှယ်အဖွဲ့ဝင်သစ်တွေ ရလာဖို့အတွက် iCON ကုမ္ပဏီဟာ ဈေးပေါတဲ့ အွန်လိုင်းအရောင်းသင်တန်းတွေနဲ့ စတင်ဆွဲဆောင်ပါတယ်။ အဲဒီနောက် သင်တန်းတက်ကြသူတွေဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ပြန်လည်ရောင်းချပေးဖို့အတွက် ပိရမစ်ပုံစံ အလွှာလွှာ သတ်မှတ်ထားတဲ့ အရောင်းကိုယ်စားလှယ်တွေဖြစ်လာဖို့ ဖိအားပေးခံရပါတယ်။

iCON ကုမ္ပဏီထဲမှာ သူတို့ရဲ့ အရောင်းကိုယ်စားလှယ် အဆင့်မြင့်တက်လာဖို့အတွက် သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကို ပေးရပါတယ်။ မိမိလက်အောက်ကနေ ဆက်လက်ဖြန့်ဖြူးရောင်းချပေးမယ့် အရောင်းကိုယ်စားလှယ်အဖွဲ့ဝင်သစ်တွေကို ထပ်ရှာပေးရပါတယ်။

အွန်လိုင်းကြော်ငြာတွေအတွက်လည်း လစဉ် ဘတ် ၃၀၀၀ ကနေ ၅၀၀၀ ကြား ပေးဆောင်ရပါတယ်။ ဒီလိုလူသစ်စုဆောင်းပေးတဲ့အတွက် အရောင်းကိုယ်စားလှယ်တွေမှာ အမှုဆင်တရားစွဲခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လူတွေကို မက်လုံးပေး ဆွဲဆောင်ဖို့အတွက် iCON ရဲ့ ထိပ်တန်းအရောင်းကိုယ်စားလှယ်တွေ အောင်မြင်ချမ်းသာလာပုံအကြောင်းတွေကို ကုမ္ပဏီဘက်က မကြာခဏ ထုတ်ဖော်ပြသပါတယ်။ ငွေကြေးအင်အားမတောင့်တင်းတဲ့ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ မိမိပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ကုမ္ပဏီအတွက် ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းခံခဲ့ရပါတယ်။

ဒါပေမယ့် အရောင်းကိုယ်စားလှယ်တော်တော်များများဟာ ကုမ္ပဏီဆီကနေ သူတို့ ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေကို ပြန်မရောင်းချနိုင်ကြပါဘူး။ သူတို့လက်အောက်ကနေ ထပ်ဆင့်ဖြန့်ဝေရောင်းချပေးဖို့အတွက် လူသစ်တွေ ထပ်မရှာနိုင်ခဲ့ပါဘူး။ ရလဒ်အနေနဲ့ ကုမ္ပဏီဘက်ကသာ အကြီးအကျယ် အမြတ်ထွက်ခဲ့ပါတယ်။ အောက်ခြေက အရောင်းကိုယ်စားလှယ်တွေမှာ ငွေရေးကြေးရေးအရ ပုံးပေါလအော နစ်နာဆုံးရှုံးခဲ့ရပါတယ်။

စီးပွားပျက်ပြီး အကြွေးဒဏ်မခံနိုင်တော့တဲ့ အရောင်းကိုယ်စားလှယ်အချို့ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလဟာ အချိန်တိုအတွင်း iCON ကုမ္ပဏီ ကြီးထွားလာဖို့အတွက် အားဆေးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း စားသုံးသူဈေးကွက်ကျွမ်းကျင်သူ Sarinee Achavanutakul က ပြောပါတယ်။

“ကိုဗစ်ကာလမှာ ထိုင်းလူမျိုးအတော်များများ အကျပ်တွေ့ခဲ့ကြတယ်။ ဒါကြောင့် ဝင်ငွေရဖို့အတွက် အွန်လိုင်းဈေးရောင်းတဲ့ဘက်ကို မျက်စိကျလာကြတယ်။ နောက်ထပ်ပိုဝင်ငွေ လမ်းကြောင်းတစ်ခု အနေနဲ့ပေါ့”

သူ့ရဲ့ ကုမ္ပဏီမှာ အရောင်းကိုယ်စားလှယ်အဖွဲ့ဝင် စုစုပေါင်း ၃၆၈,၂၅၇ ယောက်အထိ ရှိတယ်လို့ Boss Paul က ပြီးခဲ့တဲ့ အပတ်က ပြောပါတယ်။ ကုန်ပစ္စည်းဖြန့်ချိသူ အဆင့်မှာ ရှိကြတဲ့ အဖွဲ့ဝင်တွေက ၂၈၅,၈၃၃ ယောက် ရှိပါတယ်။ သူတို့တွေက ကုမ္ပဏီဘက်ကို ဘတ်ငွေ ၂၅၀၀ စီ ပေးသွင်းခဲ့ကြရပါတယ်။

အရောင်းကြီးကြပ်သူအဆင့်မှာရှိတဲ့ အဖွဲ့ဝင်တွေက ၄၃၉၇၆ ယောက် ရှိပြီး ကုမ္ပဏီဘက်ကို ဘတ်ငွေ ၂၅၀၀၀ စီ ပေးခဲ့ကြရပါတယ်။ ၆၄၇၆ ယောက်ကတော့ အသေးစားအရောင်းပွဲစားအဆင့်မှာ ရှိကြပြီး ကုမ္ပဏီဘက်ကို ဘတ်ငွေ ၅၀၀၀၀ စီ ပေးသွင်းထားကြသူတွေ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကို ဘတ်ငွေ ၂၅၀၀၀၀ စီပေးသွင်းထားကြတဲ့ အရောင်းပွဲစားတွေကတော့ ၃၁၉၇၂ ယောက် ရှိပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်လိုက်ရုံနဲ့ iCON ကုမ္ပဏီဟာ အရောင်းကိုယ်စားလှယ်အဆင့်ဆင့်ရှိတဲ့ ပိရမစ်စီးပွားရေးမော်ဒယ်တစ်ခုတည်းကနေ ဝင်ငွေ ဘတ် ၁၀.၁ ဘီလီယံကျော် ရခဲ့တယ်ဆိုတာ မြင်သာပါတယ်။

ဆယ်လီဘရစ်တီတွေကို အသုံးချမှု

ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်ပြီး လူတွေဆီက လက်ခံယုံကြည်မှုကို ရဖို့အတွက် iCON Group ဟာ ထိုင်းဆယ်လီဘရစ်တီအချို့ကို သွေးဆောင်ဖြားယောင်းပြီး ကုမ္ပဏီရဲ့ အခန်းကဏ္ဍများစွာမှာ ပါဝင်လုပ်ဆောင်စေခဲ့ပါတယ်။

iCON Group ကုမ္ပဏီရဲ့ MLM ယန္တရားကျော့ကွင်းမှာ ကျဆုံးခဲ့ရတာဟာ ဆယ်လီဘရစ်တီရဲ့ ပုံရိပ်ကို အထင်ကြီးကိုးစားမိတာကြောင့်လည်း ပါတယ်လို့ အမှုဖွင့်ထားတဲ့ ကာယကံရှင်တွေဘက်က ပြောပါတယ်။ iCON Gruop ရဲ့ စီမံခန့်ခွဲမှုယန္တရားထဲမှာ ထိုင်းဆယ်လီဘရစ်တီတွေက အမှုဆောင်အရာရှိတွေ၊ မားကက်တင်းအရာရှိတွေ၊ ကုန်ပစ္စည်းမိတ်ဆက်သူတွေအဖြစ် အသီးသီး အသက ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။

သူတို့ကို iCON ကုမ္ပဏီက ချဉ်းကပ်လာခဲ့ပေမယ့် ကုမ္ပဏီရဲ့ သံသယဖြစ်စရာ စီးပွားရေးမော်ဒယ်ကို တွေ့ရှိသွားတဲ့နောက်မှာ ကုမ္ပဏီနဲ့ အလုပ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အခြားဆယ်လီဘရစ်တီအချို့က ထုတ်ပြောခဲ့ပါတယ်။

လာဘ်ပေးလာဘ်ယူ သပွတ်အူ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း iCON ကုမ္ပဏီ ခုန်ပျံတိုးတက်လာခဲ့တာဟာ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကြောင့်လည်း ပါတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ ကုမ္ပဏီစထောင်ကာစ နှစ်တွေမှာကတည်းက iCON Group ကို တိုင်ချက်ဖွင့်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေဘက်က ဘာအရေးယူဆောင်ရွက်မှုမှ မလုပ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်က ဖမ်းယူထားခဲ့တဲ့ အသံဖိုင်တစ်ခုမှာ Boss Paul နဲ့ အောက်လွှတ်တော်အမတ်တစ်ယောက်ကြားမှာ အပေးအယူလုပ်နေခဲ့တယ်ဆိုတာကို သက်သေသက္ကာယအဖြစ် အထင်းသား ပေါ်နေပါတယ်။

iCON ကုမ္ပဏီကို တရားစွဲထားတဲ့ အမှုတစ်ခုကို ပယ်ဖျက်ပေးဖို့ အဲဒီနိုင်ငံရေးသမားကို သူ့အနေနဲ့ လစဉ် လာဘ်ငွေပေးနေခဲ့ရတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Boss Paul က လူသိရှင်ကြား ဝန်ခံလိုက်ပါတယ်။ အဲဒီနိုင်ငံရေးသမားက ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ နောက်ထပ်အသံဖိုင်တစ်ခုမှာလည်း Boss Paul နဲ့ အဲဒီနိုင်ငံရေးသမားက ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံး(OCPB)မှာ ဘယ်သူတွေကို လက်ထောက်အတွင်းရေးမှုးနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ကြမလဲဆိုတာကို ဆွေးနွေးနေကြတာကို တွေ့ရပါတယ်။

iCON ကုမ္ပဏီရဲ့ MLM အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး အစိုးရအေဂျင်စီအချို့ကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားနေကြပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်တွေ အားလုံးကို ပြက်ရက်ပြုနေတာကတော့ iCON ကုမ္ပဏီရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ စကားလုံးတွေပါပဲ။

“စီးပွားရေးအကျိုးအမြတ်ထက် ကျင့်ဝတ်မှန်ကန်မှုကို ပိုဦးစားပေးရေးက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပထမမူဝါဒ ဖြစ်ပါတယ်”

Ref: Bangkok Post, Thai PBS World, Thaiger, Nation Thailand

ဈာန်ဟိန်း