BREAKING
January 11, 2025

ထားဝယ်ခရိုင်တွင် လာမည့်စနေနေ့ ခြောက်နာရီကြာ လျှပ်စစ်ပြတ်မည်

October 23, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်ခရိုင်တစ်ခုလုံး အောက်တိုဘာလ ၂၆ရက် နံနက် ၉နာရီခွဲကစပြီး ခြောက်နာရီကြာ လျှစ်စစ်ဓာတ်အားပြတ်တောက် မည်ဖြစ်ကြောင်း ‌ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ယနေ့ထုတ်ပြန်သည်။

လျှပ်စစ်အန္တရာယ် ကင်းရှင်း‌ရေးအတွက် ကံပေါက်-ထားဝယ် (၆၆) ကေဗွီဓာတ်အားလိုင်းတစ်လျှောက်တွင် ရှိသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း ဆိုသည်။

၆၆ ကေဗွီဓာတ်အားလိုင်းသည် ရေဖြူမြို့နယ်မှ ထားဝယ်မြို့ ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနေသည့် ဓာတ်အားလိုင်းဖြစ်သည်။

ထို့ကြောင့် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည့် ယခုလာမည့်စနေနေ့တွင် ခရိုင်အတွင်း ခြောက်နာရီကြာလျှပ်စစ်ဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြို့ခံနှင့် ဒေသခံများကမူ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ယခုနှစ် ဇွန်လကစပြီး ရက်သတ္တပတ် တစ် ပတ်တွင် သုံးရက်ခန့် ကြိုတင်အသိပေးခြင်းမျိုး မရှိဘဲ အချိန်ပိုင်းမီးပြတ်ခြင်းများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း ပြောသည်။

“မနက်ပိုင်း ပျက်တာရှိတယ်၊ ညနေပိုင်းပျက်တာ ရှိတယ်။ တစ်နာရီ၊ နှစ်နာရီလောက်ပျက်တယ်၊ ကြိုအသိမပေးတော့ အဆင်မပြေဘူး။ တမင်ဖြတ်ထားတယ်လို့ပဲ ယူဆတယ်။ ကြိုပြီးအသိပေးလိုက်ရင် လျှစ်စစ်သုံးတဲ့သူက ကြိုပြင်ထားလို့ ရတယ်။ စိတ်မညစ်ရတော့ဘူးပေါ့” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။

Petro & Trans ကုမ္ပဏီသည် NLD အစိုးရလက်ထက်မှစ၍ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်ဖြန့်ဖြူးခွင့်ရရှိထားပြီး ယခုနှစ် မတ်လ ၆ ရက်တွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့် ထပ်မံသက်တမ်းတိုးစာချုပ်ကို တိုင်းစစ်ကောင်စီနှင့် ချုပ်ဆိုခဲ့သည်။