BREAKING
January 11, 2025

ထားဝယ် ဆီဘောမီးလောင်ပေါက်ကွဲမှုတွင် လူငယ်တစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူကိုးဦးအထိရှိလာ

October 23, 2024

ဓာတ်ပုံ - Dawei Fire Service Department

ထားဝယ်မြို့တွင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးသည့် ဆီတင်ဘောမီးလောင်ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူတစ်ဦး ထပ်မံ သေဆုံးသဖြင့် ယနေ့အောက်တိုဘာလ ၂၃ရက်အထိ သေဆုံးသူကိုးဦးအထိရှိလာကြောင်း နာရေးကူညီမှုအသင်း (ထားဝယ်) ထံမှ သိရသည်။

ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရအမျိုးသားလူနာတစ်ဦး သေဆုံးသည်ဟု ထားဝယ်ဆေးရုံကြီးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် အကြောင်းကြားသောကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း အထက်ပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုသေဆုံးသူမှာ အသက် ၁၈နှစ်အရွယ်ရှိ ကိုဝေယံမျိုးဆိုသူဖြစ်ကြောင်း အသင်းထံမှ သိရသည်။

အဆိုပါအမျိုးသားမှာ မီးလောင်ဒဏ်ရာကြောင့် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသနေစဉ် ရှစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သေဆုံးသူက ဘိတ် (မြိတ်) ဘက်ကလို့တော့ သိရတယ်။ လိုက်ပို့တဲ့သူတွေလည်း ဘိတ်ဘက်က များတယ်” ဟု အထက်ပါအသင်း၏ တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာလ ၁၄ရက်နေ့က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်အတွင်း၌ ဆီတင်သင်္ဘော မီးလောင် ပေါက်ကွဲခဲ့သည်။

ထိုမီးလောင်ပေါက်ကွဲမှုတွင် ကနဦးသေဆုံးသူ ရှစ်ဦးရှိပြီး ဒဏ်ရာရသူသုံးဦးနှင့် ပျောက်ဆုံးသူတစ်ဦး ရှိခဲ့သည်။

အဆိုဖြစ်စဉ်တွင် ရေနစ်မွန်းခဲ့သူတစ်ဦး၊ မီးလောင်ဒဏ်ရာရသူတစ်ဦးလည်းရှိခဲ့ပြီး ဒဏ်ရာရာရှိသူ၏ ကျန်းမာရေး အခြေအနေနှင့် ပျောက်ဆုံးနေသူ၏ အခြေအနေတို့ကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း ဆီတင်ဘော ဒုတိယအကြိမ် မီးလောင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

ဒုတိယအကြိမ်မီးလောင်မှုကို ကြွင်းကျန်သော ဆီအနည်းငယ်မှာ နေအပူရှိန်ကြောင့် မီးထပ်လောင်ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သို့သော် ပထမအကြိမ် မီးလောင်ပေါက်ကွဲရသည့်အကြောင်းအရင်းကိုမူ သက်ဆိုင်ရာအဖွဲ့အစည်းများက ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။