BREAKING
January 11, 2025

ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံတောထွင်ခဈေး ဆက်တိုက်တက်

October 23, 2024

ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ(ခြံရှင်းခ)ဈေး ဆက်တိုက်တက်လာကြောင်း ကွမ်းသီး၊ ရော်ဘာ ဥယျာဉ်ခြံရှင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဥယျာဉ်ခြံတွင်း မြက်ရိတ်စက်ဖြင့် တောထွင်ခဈေးမှာ တစ်ရက်ကို ၁၅၀၀၀ ကျပ်သာရှိသော်လည်း ယခု (၂၀၂၄ ခုနှစ်) တစ်ရက် ၂၅၀၀၀ မှ ၃၀၀၀၀ ကျပ်အထိဆက်တိုက်တက်လာကြောင်း၊ ယင်းနှုန်းထားမှာ မြက်ရိတ်စက်နှင့် လူလုပ်အားခ သီးသန့်ဈေးဖြစ်သည်ဟု ထားဝယ်ခရိုင်အတွင်းက ဥယျာဉ်ခြံရှင်တို့က ဆိုသည်။

တောထွင်မည့်သူက မြက်ရိတ်စက်၊ စက်သုံးဆီ၊ (ဓာတ်ဆီနှင့် ရောစပ်အသုံးပြုရသည့်) 2T နှင့် လူတစ်ဦးလုပ်အားခအပါ အားလုံးအပြီးအစီးဆိုလျှင် တစ်ရက်ငှားရမ်းခ ကျပ် ၄၀၀၀၀ ခန့်တောင်းကြသလို တောအထူအပါးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မူတည်ပြီး ကျပ် ၅၀၀၀၀ အထိ ပေးရကြောင်း ၎င်းတို့ကဆိုသည်။

“စက်သုံးဆီဈေးကလည်းကြီးလာတယ်လေ၊ ကျွန်မတို့တော့ တောအထူအပါးပေါ်မူတည်ပြီးယူတယ်၊ ဆီပေးရင်လည်း တစ်ရက်နှစ်သောင်းခွဲ၊ သုံးသောင်းယူတယ်၊ ကိုယ့်စက်နဲ့ဆီပါအပြီးဆိုရင် လေးသောင်း၊ လေးသောင်းခွဲယူတယ်” ဟု သရက်ချောင်းမြို့နယ် စုံစင်ကျေးရွာက ရော်ဘာခြံတွင် ရွေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသည့် အထက်မြန်မာပြည်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကြောင့် တောအထူအပါးနှင့် နယ်မြေအခြေအနေပေါ် မူတည်ပြီး တစ်ဧကတောထွင်ခမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲ အထိပေးကြရသဖြင့် ဧကများသူဆိုပါက သိန်းဆယ်ချီပေးနေရဟုဆိုသည်။

“တစ်ရက်လေးသောင်းခွဲတောင် လိုက်မယ့်သူမရှိလို့ မအားကြလို့စောင့်နေရတယ်။ တောထွင်ခတွေဈေးကြီးလာလို့ အရင်က တစ်နှစ်ကို သုံးကြိမ်ထွင်နေတာ အခုနှစ်ကြိမ်တောင် ကောင်းကောင်းမထွင်နိုင်ဖြစ်လာတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်တွင်လည်း အလုပ်သမားခေါ်ယူရသည့် အခြေအနေပေါ်မူတည်ပြီး တောထွင်ခဈေးမှာ တစ်ရက်ကို ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ အထိပေးရကြောင်း၊ စက်သုံးဆီဝယ်ပေးပါက လုပ်အားငှားရမ်းခသီးသန့်မှာ တစ်ရက် ၃၀၀၀၀ ကျပ်ပေးရကြောင်း ပုဂေါဇွန်းကျေးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလက (ဓာတ်ဆီ) စက်သုံးဆီတစ်လီတာကို ၂၅၀၀ ကျပ်ခန့်ရှိပြီး ၂၀၂၄ ခုနှစ် ကာလတူတွင် စက်သုံးဆီဈေးမှာ တလီတာကို ၃၅၀၀-၄၀၀၀ ကျပ်ခန့်ဖြစ်လာသည်ဟု ဥယျာဉ်ခြံရှင်များက ပြောသည်။

ဆားလုပ်ငန်းခွင်က အလုပ်သမားငှားရမ်းခဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်က တစ်ရက်ကို ၁၅၀၀၀ ရှိရာမှ ယခုနှစ်တွင် ၁၈၀၀၀ ကျပ်ဖြစ်လာပြီး ပန်းရန်အလုပ်ကြမ်းသမားမှာလည်း တစ်ရက်ကို ၁၅၀၀၀ ကျပ်ရသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက ဥယျာဉ်ခြံနှင့် ဆားလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်စန်းက ပြောသည်။