BREAKING
December 22, 2024

မီးလောင်ပြင်က ပန်းတစ်ပွင့်

October 23, 2024

ထားဝယ်မြို့ လူစည်ကားသော လမ်းမထက်တွင် စက်ဘီးစီးအမျိုးသမီးတစ်ဦး ထမင်းဟင်းများကို ထုပ်ပိုးကာ တစ်နေရာရာကို ဦးတည်နေသည်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ဈေးလမ်းသွယ်ထဲသို့ ချိုးကွေ့ဝင်လိုက်သည်နှင့် သူ့ကိုစောင့်ကြိုနေသူတို့က ပြိုင်တူအသံပေးကြသည်။

“ဝုတ်…ဝုတ်…ဝုတ်”

ပါလာသည့်ထမင်းဟင်းများကို ခွက်ထဲ ကျကျနနထည့်ချကျွေးလိုက်ပြီး ဘေးမှရပ်ကြည့်ရင်း ပီတိဖြာနေသူမှာ ဒေါ်စန်းဝေပင်။

“ကျွန်မကျွေးတာကို မြိန်ရေရှက်ရေနဲ့ စားနေတာကို မြင်နေရာကိုက ကျွန်မပီတိဖြစ်တယ်” ဟု အသက် ၄၈ နှစ်အရွယ် ၎င်းက ဆိုသည်။

ဒေါ်စန်းဝေမှာ သာမန်ဆင်းရဲသားတစ်ဦးဖြစ်သော်လည်း လမ်းဘေးခွေးများအပေါ် လွန်စွာစာနာတတ်သူပင်။

ဆန်းချီတိုးချဲ့မြို့သစ်ရှိ သူမ၏နေအိမ်ခြံဝင်းမှာလည်း ခွေးအော်သံတို့ဖြင့် ဆူညံပွက်နေလေ့ရှိသည်။

ထိုခြံဝင်း‌ထဲရှိ အကြမ်းထည်တစ်ထပ်တိုက်ရှိ ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ဖြစ်သလို ကြက်ခြေခတ်ကာရံထားသည်။

ထိုခြံဝင်းမှာ လမ်းဘေးခွေးတစ်သိုက်နှင့်အတူ ဒေါ်စန်းဝေတို့ မိသားစုဝင်လေးဦး ကွန်းခိုရာ။

တစ်ချိန်က ထားဝယ်ဆေးရုံတွင် မွေးကင်းစ ကလေးများကို ပြုစုပေးရသည့် သူနာပြုဖြစ်ပြီး လက်ရှိတွင် လမ်းဘေးခွေးများအတွက် သူ့ဘဝကို မြှုပ်နှံထားလေသည်။

စစ်အာဏာသိမ်းပြီးချိန်မှစကာ အလုပ်အကိုင်ရှားပါးကာ ကုန်စျေးနှုန်းအဆမတန် ကြီးမြင့်လာပြီး အထွေထွေအကျပ်အတည်းဆိုက်နေသည့် ပြည်သူများအဖို့ ကိုယ့်ဝမ်းစာပင် ကိုယ်မနည်းရှာစားနေရသဖြင့် လမ်းဘေးခွေးများမှာလည်း ထမင်းနပ်မမှန်လှ။

ပြည်တွင်းစစ်ကြောင့် ပဋိပက္ခများစွာဖြင့် ပင်ပန်းဆင်းရဲနေသည့် အခြေအနေတွင် လမ်းဘေးခွေးများကို ကျွေးမွေးမည့်သူ ပြုစုကုသပေးမည့်သူ မရှိ။

သည်လိုအချိန်တွင် ဒေါ်စန်းဝေက ဒီတာဝန်ကို ဘယ်သူမှ မပေးရဘဲ ရဲရဲဝံ့ဝံ့ရယူလိုက်သည်။

“လမ်းဘေးမှာ နေမကောင်းဖြစ်နေတဲ့ ခွေးတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးကုပေးပြီး အိမ်ခေါ်မွေးထားလိုက်တာ” ဟု သူမကဆိုသည်။

ဝါသနာဟုဆိုဆို သံယောဇဉ်ကြီးသူ‌ဟုပြောပြော ဒေါ်စန်းဝေမှာ ဒုက္ခရောက်နေသည့် ပိုင်ရှင်မဲ့လမ်းဘေးခွေးများ၏ ကယ်တင်ရှင်ဟု ဆိုရမည်။

စွန့်ပစ်ခံ လမ်းဘေးခွေးများကို ကောက်ယူကျွေးမွေးထားသည်မှာ ယခုဆိုလျှင် အရွယ်အစားစုံ ခွေး ၂၁ ကောင်အထိရှိသည်။

ထိုအထဲတွင် ကိုယ်တစ်ပိုင်းသေနေသည့် ခွေးနှစ်ကောင်လည်းပါဝင်သည်။

ဒေါ်စန်းဝေနှင့် ရေစက်ဆုံခွင့်ရသော လမ်းဘေးခွေးများမှာ ကံထူးလှပေစွဟု ဆိုရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်စန်းဝေမှာ သူမွေးထားသည့်ခွေးများကို အရိုးအရင်းတို့ဖြင့် ဖြစ်သလို ကျွေးမွေးတတ်သူမျိုးမဟုတ်ပေ။

အသား၊ ငါးတို့ဖြင့် ကောင်းမွန်စွာ ကျွေးမွေးသည်။ ကျန်းမာ‌ရေးမကောင်းက ဆေးကုသပေးသည်။

သာမန်တစ်နေ့လုပ်၊ တစ်နေ့စားများပင် အနားမကပ်နိုင်‌သော တစ်အိတ်လျှင် ကျပ်ငါးသောင်းကျော်တန် ဆန်ဖြင့် သူ့ခွေးများကို ချက်ကျွေးသူ။

ကိုယ်တိုင်ဈေးဝယ်ပြီး အသား၊ ငါးတို့ကို အလှည့်ကျကျွေးသည်။ တစ်ခါတစ်ရံ အသင့်စား စည်သွပ်ဗူးများပင် ပါလိုက်သေးသည်။

“ကျွန်မကလေးတွေကို ကိုယ့်သား၊ ကိုယ့်သမီးထက်‌ကို ချစ်သေးတယ်။ ဒါကြောင့်လည်း ကျွန်မဒုက္ခဖြစ်နေရတာ” ဟု ဒေါ်စန်းဝေက‌ ပြောသည်။

လေလွင့်လမ်းဘေးခွေးများကို ကရုဏာသက် ချစ်တတ်သူ ဒေါ်စန်းဝေမှာ ချမ်းသာသူတစ်ဦးမဟုတ် တစ်နေ့လုပ်၊ တစ်နေ့စားတစ်ဦးသာ ဖြစ်သည်။

ထားဝယ်ဒေသတွင် အိမ်တိုင်းနီးပါး၌ ကျပ်သိန်းဆယ်ချီတန်သည့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီး အနိမ့်ဆုံးပိုင်ဆိုင်ကြသော်လည်း ဒေါ်စန်းဝေမိသားစုတွင်မူ တစ်စီးတည်းသော စက်ဘီးအဟောင်းလေးကို တစ်အိမ်လုံး မျှသုံးနေကြရသည်။

ယင်းစက်ဘီးကို မိသားစုဝင်လေးဦး မျှသုံးရသည့်အပြင် ငှားရမ်းထားသည့်အိမ်မှာ မိုးရာသီဆိုလျှင် ဒူးဆစ်အထိ ရေဝင်လေ့ရှိသည်။

အများသူငါ မငှားသဖြင့် ကျန်နေသည့် ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်က ခြံဝင်းနှင့်အိမ်လေးကို တစ်လနှစ်သိန်းကျပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ခေါင်ခိုက်နေသည့် ထားဝယ်အိမ်ခြံမြေဈေးနှင့်ဆိုပါက တစ်လနှစ်သိန်းကျပ်ဖြင့် ခြံနှင့်ဝင်းနှင့်အိမ်တစ်ဆောင်မဆိုထားနှင့်။ ဆယ်ပေပတ်လည် ခပ်ညံ့ညံ့ အခန်းတွဲတစ်ခန်းပင် ရရန်ခဲယဉ်းလှပေသည်။

သည်အိမ်လေးကို ရောက်လာရသည်မှာလည်း သူချစ်သည့်ခွေးများကြောင့်သာဖြစ်သည်။

“ယောက္ခမအိမ်မှာက ခွေးတွေနဲ့ဆို နေလို့မရဘူး။ ခြံမလုံဘူး။ အဲဒါကြောင့် သူများမငှားဘဲ ကျန်တဲ့ ဒီနေရာမှာ လာနေနေတာ” ဟု သူမကဆိုသည်။

အမျိုးသားကွယ်လွန်ပြီးနောက်ပိုင်းတွင် ယောက္ခမအိမ်တွင်‌ ဆက်နေမည်ဆိုပါက သူချစ်သည့် လမ်းဘေးခွေးများကို စွန့်လွှတ်ရမည်။ သို့မဟုတ် အိမ်ပေါ်က ဆင်းရမည်။

ထိုလမ်းနှစ်သွယ်အနက် ဒေါ်စန်းဝေသည် တွေဝေမှုမရှိဘဲ အိမ်ပေါ်မှဆင်းသည့်လမ်းကို ရွေးချယ်ခဲ့လေသည်။

ထိုခြံဝင်းသည် သူမ၏ခွေးများကို အကာအကွယ်ဖြစ်စေသည်။ အဆိပ်ခတ်မည့်သူများ၏ ရန်မှ ကာကွယ်ပေးသည်။

အာဏာမသိမ်းခင်က ဒေါ်စန်းဝေမှာ ထားဝယ်ဆေးရုံကြီးတွင် မွေးကင်းစ ကလေးများကို ပြုစုပေးရသည့် ပြင်ပသူနာပြုတစ်ဦး။

ထိုအချိန်က နေ့စားသူနာပြုဖြစ်သည့် သူမ၏ တစ်ရက်လုပ်အားခမှာ ၁၅၀၀၀ ကျပ်ရသည်။

အာဏာသိမ်းပြီး တစ်နှစ်ခန့်အ‌ကြာတွင် မူဝါဒအပြောင်းအလဲကြောင့် အပြင်မှသူနာပြုများကို ဆေးရုံက လက်မခံတော့ပေ။

ထိုအချိန်မှစ၍ ဒေါ်စန်းဝေမှာ အလုပ်လက်မဲ့၊ ဝင်ငွေမဲ့သူဖြစ်လာခဲ့ပြီး သားသမီးများ၏ လုပ်စာမှီခိုသူအဖြစ် နေ့ချင်း၊ ညချင်း ဆိုက်ရောက်သွားခဲ့သည်။

သို့သော် သူချစ်သည့်လမ်းဘေးခွေးများကိုမူ အစာကျွေးမပျက်ခဲ့။

တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေသည့် ကုန်ဈေးနှုန်းက သူမကို နှိပ်စက်ခဲ့သည်။

ဆန်ဈေး၊ အသားငါးဈေး မြင့်တက်လာသည့်အပြင် တစ်ဖက်တွင်မူ သူမကို မှီခိုသည့် ခွေးအကောင်ရေမှာ များသည်ထက်များလာခဲ့သည်။

သူ့ခွေးများအသက်ဆက်နိုင်ရေး မိသားစုအသုံးစရိတ်၊ အိမ်အသုံးစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချသည်။

သို့‌သော်မလောက်။ ခွေးများကိုလည်း ဖြစ်သလိုမကျွေးချင်။

“ကျွန်မကိုယ်ချင်းစာတယ်။ ခွေးလည်းလူလိုပဲ ဒီအစားစာပဲ နေ့တိုင်းဘယ်စားချင်ပါ့မလဲ”

ဤသည်မှာ လမ်းဘေးခွေးများအပေါ်ထားသည့် သူမ၏ ချစ်ခြင်း‌မေတ္တာပင်။

နောက်ဆုံးတွင် သူမ မလုပ်ချင်ဆုံးသော အရာတစ်ခုကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

Facebook လူမှုကွန်ရက်မှတစ်ဆင့် အလှူခံခြင်းပင်။

ဤအကြံသည်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပေ။

Facebook ပေါ်တွင် လူသိနည်းသော မျက်နှာမွဲ ခွေးချစ်သူတစ်ဦးကို အရေးတယူ လုပ်သူမရှိသည့်အပြင် အထင်အမြင်လွဲသည်ကိုပါ ခံခဲ့ရသေးသည်။

“လှူမယ့်သူတွေကလည်း ကျွန်မကို မယုံကြဘူး။ ခွေးတွေကိုပြပြီး အလှူခံစားနေတယ်လို့ ထင်ကြတယ်” ဟု ဒေါ်စန်းဝေက ရင်ဖွင့်သည်။

ပတ်ဝန်းကျင်က မည်သို့ပင် ထင်ကြ၊ မြင်ကြပါစေ၊ ကဲ့ရဲ့ကြပါစေ။ သူမလျစ်လျူရှုပေးခဲ့သည်။

ယုတ်စွအဆုံး သူမအား ခွေးသာသာနှိမ်ချဆက်ဆံသူများကိုပင် ဒေါ်စန်းဝေ မေတ္တာမပျက် ဆက်ဆံခဲ့သည်သာ။

“ဘယ်လောက်အထိလုပ်သလဲဆိုရင် ခွေးကို ရေနဲ့ပက်ပြီး မောင်းထုတ်သလိုလိုနဲ့ ကျွန်မကိုမောင်းထုတ်တာတောင်ခံရတယ်။ ဒါပေမဲ့ ကျွန်မဘာမှ မတုံ့ပြန်ခဲ့ဘူး” ဟု သူမကပြောသည်။

ခွေးချစ်သူချင်းအတူတူ အိမ်မွေး ခွေးချစ်သူများကိုမူ မည်သူက မည်သို့မျှ မပြောမဆိုကြသော်လည်း လမ်းဘေးခွေးချစ်သူ သူမကိုမူ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြသည်။

ဖြစ်နိုင်လျှင် လူအများနှင့်ဝေးရာ ဥယျာဉ်ခြံလေးတစ်ခုထဲတွင် သူ့ခွေးများနှင့် အေးအေးဆေးဆေးနေချင်သည်မှာ သူ့ဘဝတွင် ဖြစ်ချင်ဆုံးဆန္ဒများထဲက တစ်ခုဖြစ်ကြောင်း ဒေါ်စန်းဝေက ဖွင့်ဟလေသည်။

ဘူးလေးရာဖရုံဆင့်၊ မြေနိမ့်ရာ လှံစိုက်ချင်ကြသော ဝန်းကျင်၊ ခွဲခြားဆက်ဆံတတ်သည့် ဝန်းကျင်တွင် သူမ မနေလိုလှပေ။

“လူတွေနဲ့ နေရတာထက် ခွေးတွေနဲ့နေရတာကို ကျွန်မပိုပျော်တယ်။ အကုသိုလ်ကင်းတယ်လေ” ဟု သူ၏ ခံစားချက်ကို ထုတ်ဖော်လေသည်။

ခွေးများကို ပြုစုစောင့်ရှောက်နေခြင်းမှာ ကုသိုလ်‌နေ့စဉ်လုပ်ခွင့်ရနေသည်ဟု သူမ ခံယူထားသည်။

ထို့ကြောင့်ပင် ရသမျှ ကုတ်ကပ်စုထားသည့်ငွေကြေးများကို ခွေးစာအတွက်သာသုံးသည်။

“ခွေးတွေကို အစားကျွေးပြီးနောက်ပိုင်း လူတွေကိုလည်း မလှူဖြစ်တော့ဘူး။ ဘုန်းကြီးတွေကိုလည်း မလှူဖြစ်တော့ဘူး။ ကျွန်မမှာ လူမှုရေးဆိုတာ မရှိတော့ဘူး” ဟု သူမကဆိုလေသည်။

ဝမ်းတစ်ထွာအတွက် ဘုန်းကြီးများမှာ ဆွမ်းခံစားနိုင်သည်။ လူဆိုလျှင် အလုပ်တစ်ခုခု လုပ်နိုင်သည်။ တိရစ္ဆာန်ဖြစ်သည့် ‌လမ်းဘေးခွေးများမှာမူ ထိုအခွင့်အရေးမရှိ။

ဤသည်မှာ လမ်းဘေးခွေးများကို ကျွေးမွေး၊ စောင့်ရှောက်နေရခြင်းအပေါ် ဒေါ်စန်းဝေ၏ အယူအဆနှင့် အကြောင်းပြချက်ပင်။

ခွေးစာအတွက် တစ်ရက်လျှင်အနည်းဆုံး ဆန် ၆ ပြည်အထိ ချက်ကျွေးနေရသည့် သူမအတွက် တစ်လလျှင် အနည်းဆုံးငွေကျပ်ငါးသိန်းခန့် လိုအပ်လျက်ရှိသည်ဟုဆိုသည်။

သို့မှသာ အသားငါးဖိုး၊ ဆေးကုစရိတ် စသည်တို့ ကာမိမည်ဖြစ်သည်။

ယခုမူ အလှူငွေအရနည်းသဖြင့် သူ့ခွေးများ မကျန်းမာပါက ဆေးခန်းမပြနိုင်။ ကာကွယ်ဆေး မထိုး‌ပေးနိုင်ပေ။ ခွေးစာအတွက်လောက်ငှရန်ပင် လုံးပန်းနေရရှာသည်။

သူချစ်သည့် လေလွင့်လမ်းဘေးခွေးများနှင့်ပတ်သက်ပြီး ဒေါ်စန်းဝေတွင် ကြီးမားသည့် အိမ်မက်တစ်ခုရှိနေသေးသည်။

“တကယ်လို့ ကျွန်မမှာ ပိုက်ဆံရှိလို့ကတော့ ခွေးဂေဟာအကြီးကြီးတစ်ခုလုပ်ချင်တယ်။ အဲဒါကျွန်မ အဖြစ်ချင်ဆုံးဆန္ဒပဲ”