BREAKING
February 27, 2025

ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရတော့မည်ဖြစ်ပြီး မြိတ်ထောင်တွင် မနက်ဖြန်စတွေ့ခွင့်ရမည်ဟုဆို

October 23, 2023

ကိုဗစ်ကပ်ဘေးဖြစ်ချိန်ကပင် ပိတ်ပင်ထားသည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက် နေ့က စတင်ပြီး ပြန်လည်ခွင့်ပြုရန် အကျဉ်းထောင်များ ပြင်ဆင်နေသည်ဟု သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အကျဉ်းထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းအချို့၏ ပြောဆိုချက်များကို ကိုးကားကာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“လက်ရှိမှာ ကျွန်တော်တို့လိုက်လို့ရတာ ထောင်ငါးခုပေါ့နော်။ ဒီနေ့ဆို မြိတ်အကျဉ်းထောင်ပါ ပါလာတယ်။ ထောင်ခြောက်ခု ဖြစ်လာတယ်ပေါ့နော်။ လက်ရှိကတော့ သူတို့စမ်းသပ်ကာလအနေနဲ့။ သေချာတာကတော့ ထောင်ဆယ်ဂဏန်းလောက်ကို ၂၄ ရက်နေ့မှာ စပြီး တွေ့ခွင့်ပေးလိမ့်မယ်ဗျာ” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

ပြီးခဲ့သည့် တစ်ပတ်က ထောင်ဝင်စာ အစားအသောက်များပေးပို့စဉ် ထောင်ဘူးဝတွင် ရိက္ခာလက်ခံနေသည့် ဝန်ထမ်း က ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုတော့မည်ဟု ပြောဆိုကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောဆိုသည်။

“နောက်နှစ်ပတ်လောက်ကြာရင် လူချင်းတွေ့ရတော့မယ်ဆိုပြီးတော့ အဲဒီလိုတော့ ပြောလိုက်တယ်။ ထောင်ဘူးဝက ရိက္ခာလက်ခံနေတဲ့သူတွေက ပြောလိုက်တာ။ ရက်အတိအကျတော့ မပြောဘူး” ၎င်းက ပြောသည်။

ဇူလိုင်လက ထားဝယ်ထောင်တွင် မူးယစ်ဆေးဝါးနှင့် ဖုန်းများတွေ့ရှိပြီးသည့်နောက် ထောင်ဝင်စာ အစားအသောက် ပေးပို့မှုကို တင်းတင်းကျပ်ကျပ်ရှာဖွေစစ်ဆေးနေပြီး အကန့်အသတ်မှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် အစားအသောက်များကို ယခင်အတိုင်းပြန်လည်ပေးပို့ခွင့်ရနေပြီး မိသားစုဝင်ကိုယ်စား ထောင်ဝင်စာ ပေးပို့ခွင့်ကိုလည်း ပြန်လည်ခွင့်ပြုထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအတွက် ထောင်ဝင်စာ ပေးပို့နေသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထောင်ဝင်စာ ဧည့်တွေ့မည့်သူသည် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုမူရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ကိုဗစ်ဆေးထိုးထားသည့် လက်မှတ် စသည်တို့ လိုအပ်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လက်ရှိထောင်ဝင်စာပေးပို့ရာတွင် အိမ်ထောင်စုမူရင်းနှင့် မှတ်ပုံတင်တို့သာပြရကြောင်း ထားဝယ်မြို့ခံ အမျိုးသားက ဆိုသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလတွင် ကိုဗစ်-၁၉ ရောဂါအကြောင်းပြကာ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ဆက်လက်ပိတ်ပင်ထားခြင်းဖြစ်သည်။

“အကျဉ်းသားအခွင့်အရေးက ထောင်ဝင်စာတွေ့ခွင့်က ဥပဒေမှာလည်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ တစ်လကို အနည်းဆုံးနှစ်ကြိမ်တောင် တွေ့ခွင့်ပေးရမယ်လို့ ပြောထားတာပေါ့နော်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အကျဉ်ထောင်ငယ်များကို ထောင်ဝင်စာဧည့်တွေ့ခွင့် ကနဦးခွင့်ပြုမည်ဖြစ်ပြီး အင်းစိန်ကဲ့သို့ ထောင်ကြီးများကို နိုဝင်ဘာလ လဆန်းပိုင်းတွင်သာ ခွင့်ပြုမည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။