ကိုဗစ်နိုင်တင်း ကပ်ဘေးနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခများကြောင့် ကျင်းပနိုင်ခြင်း မရှိသည့် ဘုံကထိန်ပွဲ၊ ရှင်ပြုပွဲများကို မြိတ်မြို့တွင် ပြန်လည်ကျင်းပနေပြီဖြစ်သည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။
ယင်းကြောင့် အလှူပွဲများမှာ အာဏာမသိမ်းခင်ကာလလောက် မများသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော မြိတ်မြို့ပေါ်တွင်မူ ကထိန်ပွဲနှင့် ရှင်ပြုပွဲများကို မြင်တွေ့လာရခြင်းဖြစ်သည်။
နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကထိန်ပွဲများကို ကျင်းပလေ့ရှိသည်။




