မြန်နှုန်းခေတ်(Speed Age)ကို ရောက်နေလို့ထင်ပါတယ်။ လူတိုင်းဟာ အလျင်လိုနေကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့စာ ရှည်ရင်မဖတ်ချင်တော့ဘူး။
ကျွန်တော်အပါအဝင်ပေါ့။ ဆွဲဆောင်မှု ရှိပြီး၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်း အရာမျိုးဆိုရင်တော့ ဘယ်လောက်ရှည် ရှည် အဆုံးထိဖတ်ပါတယ်။ Phone screen တို့ Computer screen တို့က ထွက်တဲ့ အလင်းကြောင့်လည်း မျက်စိက ကြာကြာမခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဖုန်းမှာက စာလုံးသေးတော့ မျက်စိက အားယူဖတ်နေရတာကြောင့် စာရှည်ရင် မဖတ်နိုင်ကြတော့ဘူး။
အချိန်မပေးနိုင်တာကလည်း ရှည်တဲ့စာတွေကို မဖတ်ချင်တဲ့အချက်တွေ ထဲက တစ်ချက်ဖြစ်ချင်ဖြစ်နေမှာပါ။ အခုခေတ်လူငယ်တွေက ကွေ့ဝိုက်တာတွေကို မကြိုက်ဘူး။ ရှင်းလင်းပြတ်သားပြီး တဲ့တိုးပြောတာကို ပိုကြိုက်ကြတယ်။ ဒါကြောင့်ပဲ Classical သီချင်းတွေထက် Rap သီချင်းတွေကို အရူးအမူးစွဲလမ်း ကြတာဖြစ်မှာပါ။ ရည်းစားထားတာတောင် အချိန်အကြာကြီး ပေးပြီးတော့ မစဉ်းစားတော့ဘူး။ ဆရာကြီးဦးအောင်သင်း ပြောသလို အခုခေတ်ကောင်မလေးတွေက ရည်းစားထားတာ ထဘီဝယ်သလောက်တောင် အချိန်ပေးပြီး မစဉ်းစားတော့ ဘူး။ ထဘီဝယ်ရင်တောင် ဈေးသင့် မသင့်၊ အဆင်လှမလှ၊ ကိုယ်နဲ့ လိုက် မလိုက် ကိုယ်မှာကပ်ပြီး အချိန်ပေး စဉ်းစားသေးတယ်။ ရည်းစားကြတော့ ချစ်ရေးဆိုလိုက်တာနဲ့ ချက်ချင်း အဖြေပေးလိုက်ကြတော့တယ်။ ဘယ်လောက် ထိလဲဆိုရင် ပုံမပြဘဲ အွန်လိုင်းကနေ ချစ်ရေးဆိုတာတောင် လက်ခံတယ်။
နောက်တစ်ခု သိလိုမှုလောဘ ကြီးတာကြောင့်လည်း စာကိုအချိန်ပေးပြီး မဖတ်တာဖြစ်နိုင်ပါတယ်။ ဆိုလိုတာက သတင်းလောဘကြီးတယ် လို့ ပြောရမလားပဲ။ ကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ခဏလေးအတွင်းမှာ အများကြီးသိချင်ကြတယ်။ နောက်ပြီးတော့ Hot ဖြစ်နေတဲ့ အကြောင်းအရာတွေကို သူထက်ငါဦးပြီးတော့ သိလိုကြတယ်။ စောစောသိပြီး စောစော Share နိုင်ရင် Like များများရဖို့ မျှော်လင့်ကြတယ်။ ဒါကြောင့်ပဲ သတင်းအရင်းအမြစ် မှန်သလား၊ မမှန်သလား စဉ်းစားမနေတော့ဘူး။ ခေါင်းစဉ်ဖတ် ပြီးတာနဲ့ Share တော့တာပါပဲ။
တချို့ကတော့ သတင်းအမှားမှန်း သိပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လည် ဝေမျှ(ှ့မေန) ကြတာလည်း ရှိမှာပါ။ သတင်းမှားတွေကို၊ သတင်းအတုတွေကို ရယ်ရွယ်ချက်မရှိဘဲနဲ့ဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ် ဝေမျှမိပြီဆိုရင်တော့ ကိုယ်လည်း သတင်းမှား၊ သတင်းတု ဝေမျှသူစာရင်းထဲ အထည့်ခံရတော့တာပဲ။ အဲဒီအချိန်မှာတော့ ကိုယ့်ရဲ့ပုံရိပ်ကို ထိုခိုက်စေပါတယ်။ ဒါကြောင့် ခေါင်းစဉ်လောက်ဖတ်ပြီး ဂဃနဏမသိတဲ့ အကြောင်းအရာတစ်ခုကို မဝေမျှမိဖို့ ဆင်ခြင်ကြစေလိုပါတယ်။
တချို့ကလည်း စာကိုဖတ်ပြီး အကောက်အယူလွဲကြတယ်။ ပို့စ်တင် တဲ့သူ၊ စာရေးတဲ့သူရဲ့ ရည်ရွယ်ချက်၊ ပစ်မှတ်ကို မသိဘူး။ ကိုယ့်နဲ့ဆိုင်တဲ့ ကိစ္စလား၊ မဆိုင်တဲ့ကိစ္စလားတောင် မစဉ်းစားတော့ဘူး။ ကိုယ်ထင်ရာမြင်ရာ မှတ်ချက်တွေ ဝင်ရေးကြတော့တာပဲ။ အခုခေတ်က သမီးရည်းစားစိတ်ကောက်တာ၊ လင်မယားရန်ဖြစ်တာ၊ သူငယ်ချင်း အချင်းချင်း အဆင်မပြေတာ၊ အကြွေးတောင်းမရတာ၊ ဈေးရောင်းတာ စတဲ့ အကြောင်းအရာပေါင်းစုံကို အွန်လိုင်းပေါ်မှာ လုပ်နေကြတဲ့ခေတ်။ သူ့အထာနဲ့ သူရေးကြပြောကြတာကို ကိုယ်လည်း တိတိကျကျမသိဘဲနဲ့ ကိုယ်လိုရာဆွဲတွေးပြီး မှတ်ချက်ဝင်ပေးကြတော့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ကုန်ရော။
ရယ်စရာတစ်ခုပြောရဦးမယ်။ မန်ယူက စပါးကို ၁-၆ဂိုးနဲ့ ရှုံးတယ်။ ဒါကို ကာတွန်းဆရာ ဘိရုမာက ကာတွန်းရေးတယ်။ ကိုရင်လေးက ဆွမ်းလောင်း နေတဲ့ ဒကာမကြီးကို “ဒကာမကြီး ကိုယ်ရင် သုံးစရာပြတ်သွားလို့ ဝတ္ထုကပ်ပါ ဦး” လို့ မိန့်တယ်။ အဲဒါကို ဒကာမကြီးက “မန်ယူ ရှုံးပြန်ပြီလား ဘုရား” လို့ ပြန်လျှောက်တယ်။ ကျွန်တော်တို့ ဘောလုံး ပရိသတ်ကြားမှာတော့ ဒါဟာ မြင်တွေ့နေကြ ဟာသတစ်ခုပါပဲ။ ကျွန်တော်က မန်ယူပရိသတ်ပေမယ့် အဲဒီကာ တွန်းကို သဘောကျလို့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်ဝေမျှလိုက်တယ်။ ဒါကိုပဲ အမျိုးသားရေးသမားက ဖတ်မိတွေ့ မိတော့ အောက်မှာ မှတ်ချက်လာရေးတယ်။ “သံဃာကို စော်ကားချင်တာလား ခင်ဗျား” လို့ လာမန့်တယ်။ သူ့ကို ကျွန်တော်မသိ။ သူ့ပရိုဖိုင်းကို ဝင်ကြည့်တော့ ဒါလေးမန့်ဖို့အတွက် အကောင့်အသစ် တစ်ခု သီးသန့်ဖွင့်ထားရတာတွေ့ရတယ်။ ကျွန်တော့ သူငယ်ချင်းကတော့ “သံဃာအပေါင်းနဲ့သက်ဆိုင်သည့်အတွက် Like & Share မလုပ်သင့်ပါ” တဲ့။ သူတို့ရဲ့မန့်တွေကို ဖတ်ပြီးတော့ ကျွန်တော် ပြုံးနေမိတော့တယ်။ ဒါပေမယ့် သူတို့ရဲ့အမြင်ကို မှားတယ်လို့တော့ ပြောလို့မရပါဘူး။ သူ့အမြင်နဲ့သူကတော့ မှန်နေတာပဲ မဟုတ်လား။
နေရာဒေသ၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု စတာတွေ မတူရင် အမြင်မတူ ကွဲပြားတတ်တာကိုတော့ သတိပြုရပါမယ်။ ဒါကိုတော့ ကျွန်တော် အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ ဘာသာစကားကွဲပြားမှုကြောင့် နားလည်မှုလွဲရတာလေးတစ်ခုလောက်ကိုတော့ ပြောပြချင်ပါတယ်။
မွန်ပြည်နယ်ဘက်ကနေ ရာထူးတိုး နဲ့ပြောင်းလာခဲ့တဲ့ ဆရာမကြီးတစ် ယောက်က သူ့လက်ထောက်ဆရာမတွေ ကို ကျောင်းအလုပ်တွေခိုင်းတယ်။ ဒါကို သူ့လက်ထောက်ဆရာမက ကျန်တဲ့သူတွေကို ထားဝယ်လို ပြောလိုက်တယ်။ “လာစောစောလောက်ဂေ့မယ်။ စောစောပီးဟာ စောစောနားအေးဟယ်။” (လာ မြန်မြန်လုပ်ကြမယ်။ မြန်မြန်ပြီးရင် မြန်မြန်နားအေးတယ် ဆိုတဲ့ အဓိပ္ပာယ်။)
အဲဒီမှာ အဓိက ပြဿနာက “နား အေးဟယ်(နားအေးတယ်)” ဆိုတဲ့ စကားလုံး။ ဆရာမကြီးယူဆတာက သူက အလုပ်မပြီးရင် ပူညံပူညံပွစိပွစိလုပ်လွန်း လို့ သူတို့နားငြီးတယ်။ အလုပ်မြန်မြန် ပြီးတော့ နားအေးပါးအေးနေရတယ် ဆိုပြီး ယူဆလိုက်တယ်။ သူအနေနဲ့ အလုပ်မပြီးလို့ဆိုပြီး ဒီဆရာမတွေကို တစ်ခါမှလည်း ပူညံပူညံမလုပ်ရပါဘဲနဲ့ ဘာဖြစ်လို့ ဒီဆရာမတွေ အဲလိုပြောရ လဲဆိုပြီး စိတ်ထဲကမကောင်းဖြစ်နေတယ်။ တကယ်က ထားဝယ်တွေက နားအေးတယ်ဆိုတာကို အေးအေးဆေး ဆေးဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောကြတာများတယ်။
မိဘနဲ့ သားသမီးကြားမှာတော့ အလုပ်ခိုင်းမရလို့ တဖျစ်တောက်တောက် ပြောဆိုတာ ရှိချင်ရှိမယ်။ အလုပ်ပြီးသွားလို့ မိဘတွေက ဘာမှမပြောတော့ရင် နားငြီးသက်သာတယ်။ နားအေးပါး အေးနေရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့လည်း ပြောချင်ပြောလို့ရတယ်။ ဒါပေမဲ့ ဆရာမကြီးနဲ့သဘောထားကွဲလွဲတဲ့ အနေအထားမှာတော့ မိဘနဲ့သားသမီးကြားက ယူဆချက်မျိုးမဟုတ်တာ သေချာတယ်။ အဲဒါကို တစ်ယောက်ယောက်က ဆရာမကြီးကို ရှင်းပြလိုက်တော့ ဆရာမကြီးလည်း စိတ်သက်သာ ရာရသွားတယ်။
အဓိပ္ပာယ် အကောက်အယူလွဲနိုင်တဲ့ တခြားဖြစ်ရပ်၊ တခြားအကြောင်း အရာတွေလည်း အများကြီးရှိပါသေးတယ်။ “ငါး ဝယ်နိုဟလော်ရှင်နဲ့ ငါး ဝယ်ရစ်ဂေ့ရှင်” ။ “ငါး မဝယ်ချင်ကြဘူး လားရှင်နဲ့ ငါး လာဝယ်ခဲ့ကြရှင်” ဆိုတဲ့ ငါးစိမ်းသည်ရဲ့စကားနှစ်ခုက မတူဘူးလို့ ယူဆကြတယ်။ ပထမတစ်ခုဖြစ်တဲ့ “ငါးဝယ်နိုဟလော်ရှင်” မှာ ဝယ်သူရဲ့ ဆန္ဒကို ဦးစားပေးတဲ့သဘော သက်ရောက်တယ်။ ဒုတိယတစ်ခုဖြစ်တဲ့ “ငါး ဝယ်ရစ်ဂေ့ရှင်” ဆိုတဲ့ စကားရပ်ကတော့ ဝယ်သူကို အတင်းဝယ်ခိုင်းတဲ့ သဘော သက်ရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိကြပါတယ်။ ဒီစကားနှစ်ရပ်က အဓိပ္ပာယ်တူသလိုလိုရှိပေမယ့် မတူပဲဖြစ်နေတာကို တွေ့ရပါမယ်။
စကားလုံးလေးတစ်လုံး၊ စာကြောင်းလေးတစ်ကြောင်းမှာတောင် အကောက်အယူလွဲနိုင်တာကို တွေ့ရတယ်။ ဆိုတော့ လူတစ်ယောက်ရဲ့ ပေးချင်တဲ့ Message က ဘာလဲဆိုတာ ကိုသိဖို့ ခေါင်းစဉ်ဖတ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ အစအဆုံး ဖတ်ကြည့်ဖို့လိုမယ်။ ဖတ်ပြီးရင်လည်း သေချာတွေးကြည့်ဖို့ လိုမယ်။ နောက်ပြီးတော့ လက်ရှိ Hot Issue က ဘာဖြစ်နေလဲ ဆိုတာကိုလည်း ထည့်တွက်ရပါဦးမယ်။ ပြီးမှ ဘာဖြစ်မယ်ဆိုတာကို ကောက်ချက်ချမယ်ဆိုရင်တော့ ပိုကောင်းပါမယ်။ ကိုယ်စဉ်းစားလို့ ဉာဏ်မမီရင်တော့ ကာယကံရှင်ကို မေးကြည့်တာပိုကောင်းပါမယ်။ ပြီးမှ သူ့အတွေးအမြင် မှန်မမှန်ဆိုတာကို ကောက်ချက်ချကြည့်ကြတာပေါ့။
သန်းဇော်ဦး (ရလိုင်)