မြိတ်မြို့နယ်အတွင်း သီတင်းသုံးကြသည့် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ဦးဆောင်ပါဝင်သည့် ရေဘေး အလှူအဖွဲ့ နေပြည်တော် တပ်ကုန်း၊ လယ်ဝေး၊ ရမည်းသင်းနှင့် တောင်ငူမြို့နယ်များသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များထံမှ သိရသည်။
တနင်္သာရီတိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ မော်တောင်ဆရာတော်၏ ဩဝါဒကိုခံ၍ မြိတ်မြို့နယ် သံဃမဟာနာယကအဖွဲ့က ဦးဆောင်ကာ မြို့နယ်အတွင်းရှိ သုဓမ္မာ ၊ ဒွါရ ၊ ဝေဠုဝန် ဂိုဏ်းသုံးဂိုဏ်းဝင် ကျောင်းတိုက်များထံ စက်တင်ဘာလ ၁၈ ရက် ကစ၍ အလှူခံခဲ့ကြောင်း ဆရာတော်များထံမှ သိရသည်။
ကျောင်းတိုက်ဆရာတော်များမှတစ်ဆင့် တကာ၊ တကာမများ၏ လှူဒါန်းထည့်ဝင်ငွေသည် စက်တင်ဘာလ ၂၁ ရက် အလှူခံစာရင်း ပိတ်သိမ်းချိန်တွင် ကျပ်သိန်း တစ်ထောင့်ခုနစ်ရာကျော် ရရှိကြောင်း ဦးဆောင် ဆရာတော်တို့က မိန့်သည်။
မြိတ်မြို့နယ်အပြင် မော်တောင်မြို့ နှင့် တနင်္သာရီမြို့နယ်တို့ရှိ ကျောင်းတိုက်အချို့ကလည်း လာရောက်ထည့်ဝင် လှူဒါန်းထားကြောင်း ဆရာတော်တို့က မိန့်ကြားသည်။
“အဓိက က ငွေကြေးနဲ့ အဝတ်အစားပဲ သွားလှူမှာပါ။ အစားအသောက်က လမ်းခရီးကဝေးလို့ သယ်ယူရမလွယ်ကူဘူး။ အခု ဦးစားပေးလှူဒါန်းမယ့်နေရာက တပ်ကုန်း၊ လယ်ဝေး ၊ တောင်ငူ နဲ့ ရမည်းသင်း လေးမြို့နယ်က ဘုန်းကြီးကျောင်းနဲ့ စာသင်တိုက် ငါးခုမှာ ခိုလှုံနေတဲ့သူတွေကို အရင်လှူမယ်။ ရောက်ပြီးမှ နယ်မြေအနေအထားကြည့်ပြီး အခြားနေရာတွေ ထပ်လှူမယ်” ဟု မြို့နယ် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။






အလှူခံရရှိထားသည့် အဝတ်အစားများ သယ်ဆောင်မည့် ကုန်တင်ယာဉ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့မှ စတင်ထွက်ခွာသွားပြီဖြစ်ပြီး မြေပြင်သို့ သွားရောက်လှူဒါန်းရန် ရွေးချယ်ထားသည့် ဆရာတော် ခြောက်ပါးနှင့်အဖွဲ့သည် စက်တင်ဘာလ ၂၆ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။
စက်တင်ဘာလ ၁၉ ရက်ကလည်း ထားဝယ်မြို့က သံဃာတော်များ ဦးဆောင်သည့် ရေဘေးအလှူအဖွဲ့က တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့ နှင့် မြို့လှမြို့ များတွင် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု တစ်ထောင်ကျော်အတွက် ကျပ်သိန်းနှစ်ရာ့ငါးဆယ်ခန့် တန်ဖိုးရှိ စားသောက်ကုန်များသွားရောက်လှူဒါန်းခဲ့သေးသည်။