BREAKING
October 18, 2024

ထိုင်းရောက်မြန်မာတွေ ထွက်သွားကြဟု ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ

September 23, 2024

ထိုင်းရောက်မြန်မာနိုင်ငံသားများ ထွက်သွားကြရန် ထိုင်းနိုင်ငံသားများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ ၂၃) နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်သော အရပ်ဘက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့် ရက် ၉၀ သာပေးရန်နှင့် ကိုယ်ဝန်ဆောင် အလုပ်သမားများကို အလုပ်လုပ်ခွင့်ပိတ်၍ နေရပ်ပြန်မီးဖွားစေရန် အချက်များ အပါအဝင် အချက် ၈ ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပို့တောင်းဆိုထားသော အဖွဲ့များဖြစ်သည်။

ယင်းအဖွဲ့ဝင်များသည် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့သို့ ရောက်ရှိလာပြီး “မြန်မာနိုင်ငံသားတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြ” ဟု အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။

မြန်မာအလုပ်သမားများ၏ တရားမဝင် လုပ်ရပ်များက ထိုင်းနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းနေစေပြီး ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များလည်း ဆုံးရှုံးနေရကြောင်း ဆိုထားသည်။

ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့ ဆန္ဒပြနေသော ထိုင်းနိုင်ငံသား ၂၀ ခန့်ရှိကြောင်း မျက်မြင်တွေ့သူများထံမှ သိရသည်။

ယင်းသို့သော လှုပ်ရှားမှုကို လက်မခံသည့် ထိုင်းနိုင်ငံသားများလည်း အများအပြားရှိနေပြီး နောက်ကွယ်တွင် နိုင်ငံရေးဆက်နွယ်သည့် အကြောင်းတရားများစွာ ရှိနေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

ယခုရက်ပိုင်းအတွင်းတွင် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် တင်းကြပ်မှုများလည်း ရှိလာနေသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအပေါ် ထိုင်းအဖွဲ့အစည်းအချို့က ဝေဖန်တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး ဆန့်ကျင်မှုများလည်း ရှိလာသဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မြန်မာအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် အဓမ္မစစ်မှုထမ်းရန် စစ်ကောင်စီက လုပ်ဆောင်နေမှုများကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံသို့ ပုံစံမျိုးစုံဖြင့် ရွှေ့ပြောင်းဝင်ရောက်နေသည်။