BREAKING
January 12, 2025

ထားဝယ်မြို့တွင် ကျောင်းသားက ဆရာမအား ထိုးကြိတ်

September 23, 2024

ထားဝယ်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက ဆရာမအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်က အမှတ် (၁) အထက်တန်းကျောင်း၊ Grade – 9၊ အခန်း B တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက သင်္ချာ ၂ ဘာသာရပ်သင်ကြားနေသည့် ဆရာမအား ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ကျောင်းသားဖြစ်သူက စာသင်ခန်းအတွင်းသို့ ဖုန်းယူလာပြီး အသုံးပြုနေသည်ကို ဆရာမက တားမြစ်ရာမှ ထိုးကြိတ်ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်အားသိရှိသော ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဖုန်းယူလာပြီး သုံးလို့ ဆရာမက လွှင့်ပစ်မယ်ပြောလို့ အဲဒီမှာ ထိုးတာ။ ဆရာမက အသက်ကြီးနေပြီ။ ဒဏ်ရာများတယ်။ ချုပ်ပါချုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကျောင်းသားမှာ ထားဝယ်မြို့ထဲတွင် နေထိုင်ပြီး စစ်ကောင်စီတပ်က အငြိမ်းစား ဗိုလ်ကြီးဇော်မျိုးနိုင်၏ သားဖြစ်ကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။

ဗိုလ်ကြီး (အငြိမ်းစား) ဇော်မျိုးနိုင်ဆိုသူမှာ ထားဝယ်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် လူသတ်မှုကြောင့် ထောင်ကျနေကြောင်း မြို့ခံတို့က ပြောဆိုသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအား ပေါ်ပေါ်ထင်ထင်ထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကျောင်းသားမိဘတို့၏အဆိုအရ ‌ဆရာမအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ကျောင်းသားကို ကျောင်းထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျောင်းထုတ်သည့်ကိစ္စအပါအဝင် ဆရာမအား ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုဖြစ်ပွားသည့်ကိစ္စအား အတည်ပြု မေးမြန်းရန် တနင်္သာရီတိုင်း ပညာရေးမှူး အပါအဝင် တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့အား Dawei Watch က ထိုးကြိတ်မှုဖြစ်ပွားသည့်နေ့မှ ယနေ့အချိန်အထိ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်‌မေးမြန်းခဲ့သည်။

သို့သော် တိုင်းပညာရေးမှူး အပါအဝင် တာဝန်ရှိသူအချို့ ဖုန်လက်ခံဖြေဆိုခြင်း မရှိပေ။ ဖုန်းလက်ခံဖြေဆိုသည့် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကလည်း ယင်းကိစ္စကို မသိကြောင်း ငြင်းဆိုခဲ့သည်။

“ဒီကိစ္စ ဘာမှမသိလို့ သိတဲ့သူတွေကိုမေးရင် ပိုအဆင်ပြေမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

ထိုးကြိတ်ခံလိုက်သည့် ဆရာမမှာ သွေးထွက်သံယိုဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံသို့တင်ပို့ ကုသခဲ့ရကြောင်း ကျောင်းသားမိဘအချို့နှင့် မြို့ခံအချို့က ပြောသည်။