BREAKING
January 12, 2025

ထားဝယ်တွင် ရွှေတစ်ကျပ်သား ၆၈သိန်းနီးပါးဈေးပေါက်၊ အရောင်းအဝယ်ပါး

September 23, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်းနီးပါး ဈေးဖွင့်ထားပြီး အရောင်းအဝယ် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇၇၀၀၀၀ ကျပ် (ခြောက်ဆယ့်ခုနစ်သိန်းခုနစ်သောင်းကျပ်) ကျပ် ဈေးဖွင့်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေး တရားဝင်မဖွင့်တော့သည်မှာ ၁၁၁ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ခြင်းဖြစ်သည်။

ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်‌နေရာ စက်တင်ဘာလ ၂၃ ရက် နံနက်တွင် ၆၈ သိန်းနီးပါးဖြင့် အရောင်းအဝယ်လုပ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေအရောင်းအဝယ်မရှိသလောက် နည်းပါးနေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“အရောင်းအဝယ်က မရှိသလောက်ကို ဖြစ်သွားတယ်။ လူတွေ ကျပ်တည်းကြတော့ မဝယ်နိုင်ကြတော့ဘူးထင်တယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်စျေးကွက်တွင် ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် ၆၄ သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ၁၄ ပဲရည်တစ်ကျပ်သားလျှင် သိန်း ၆၀ နီးပါး ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည့်ဈေးမှာ ရန်ကုန်ဈေးကွက်ကို အခြေခံထားခြင်းဖြစ်ပြီး ရောင်းဈေးနှင့် ဝယ်ဈေးကို တစ်ကျပ်သားလျှင် အနည်းဆုံး ကျပ်တစ်သိန်းကျော်အထိ ဈေးခွာထားကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်းကျပ် ဈေးဖွင့်ထားသည်။

မြေပြင်ဈေးကွက်တွင် ထိုသို့ပေါက်ဈေးရှိနေသော်လည်း စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ဈေးမှာ တစ်ကျပ်သားလျှင် ၅၃ သိန်းနီးပါး (၅၂၈၇၈၃၈ ကျပ်) သာ ရှိသည်။