BREAKING
January 12, 2025

မြိတ်တွင် မူးယစ်ဆေး ကျပ်သိန်းခြောက်ထောင်တန်ဖိုးဖမ်းမိ

September 23, 2024

မြိတ်မြို့ တွင် စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းက မူးယစ်ဆေးပြား ကျပ်သိန်းခြောက်ထောင်တန်ဖိုး ဖမ်းမိကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

တလိုင်းစုရပ်ကွက်၊ ကမ်းနားအလယ်လမ်းတွင် အမျိုးသားသုံးဦးလိုက်ပါလာသည့် တိုယိုတာ SIENTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် စိတ်ကြွဆေးပြားနှစ်သိန်း ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါကားပေါ်တွင် လိုက်ပါလာသည့် အသက်၂၄ နှင့် ၄၄ နှစ်အရွယ်အကြားရှိ အမျိုးသားသုံးဦးကို ဖမ်းဆီးထား ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆိုသည်။

စက်တင်ဘာလ ၁၈ ရက်ကလည်း မြိတ်မြို့၊ ကန်ခေါင်းရပ်၊ မြနန္ဒာလမ်းရှိ နေအိမ်တစ်လုံးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေး အပြားရေ တစ်သောင်းရှစ်ထောင် တန်ဖိုးအားဖြင့် ကျပ်သိန်းငါးရာကျော်ဖိုး ဖမ်းမိခဲ့သေးကြောင်း အဆိုပါ ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက်ကလည်း မြိတ်မြို့နယ်တွင်ပင် အမျိုးသားလေးဦးကို မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်သိန်း ၁၂ဝဝ ကျော်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ဆိုသည်။

ယခုနှစ်အတွင်း၌ပင် တနင်္သာရီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည့် မူးယစ်ဆေးဝါးအမှု ၆ မှုထက်မနည်းရှိပြီး အများစုမှာမြိတ်မြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဗဟိုအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။