ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၀၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းခွဲကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များ အပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၈၈၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းခွဲကျော်တွင် မြန်မာအလုပ်သမား ၁၉၀၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၄၀၀၀၀ ခန့်၊ လာအို ၁၅၀၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံသား ၁၆၀ ကျော်ပါဝင်ကာ အခြားနိုင်ငံသား ၇၆၀၀ ကျော် ပါဝင်နေသည်။
၎င်းတို့အနက် မြန်မာအလုပ်သမား ၁၁၄၉ ဦး၊ လာအို ၂၅၇ ဦး၊ ကမ္ဘောဒီးယား ၂၅၉ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၃၁ ဦးအပါအဝင် ကျန်နိုင်ငံသား ၁၃၄ ဦးကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာအလုပ်သမား ၉၁၄ ဦး ဖမ်းဆီးခံရပြီးနောက် တစ်လနီးပါးအကြာ နောက်ထပ် မြန်မာနိုင်ငံသား ၂၀၀ ကျော် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။
၎င်းတို့ကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိသော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။
အရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများသည် အလုပ်လုပ်ခွင့် လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းများတွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၏ တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံကိန်းတွင် ဖမ်းဆီးမခံရရန် အလုပ်လုပ်ခွင့် လက်မှတ်တွင်ပါသော အလုပ်ရှင် (သူဌေး) ဖြင့်သာ အလုပ်လုပ်ကိုင်ရန်၊ လုပ်ပိုင်ခွင့်မရှိသော အလုပ်များ မလုပ်ကြရန်၊ အထောက်အထားမရှိသူများ ဂရုစိုက်နေထိုင်ကြရန် မြန်မာအလုပ်သမား အဖွဲ့အစည်းများက တိုက်တွန်းထားသည်။