BREAKING
February 27, 2025

ပလတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

September 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင်နေထိုင်သည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ ရက် ညဦးပိုင်းက ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဘာကြောင့်လာဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ အဖမ်းခံရသူတွေက သာမန်အရပ်သားတွေချည်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသူများတွင် အသက် ၅၀ အရွယ် ဦးနောင်မဲ၊ အသက် ၅၅နှစ်အရွယ် ဦးထွေးသိမ်း၊ အသက် ၂၀ ကျော်အရွယ် ကိုနိုင်မင်းနှင့် ကိုလတ် အပြင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

လက္ကူးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးချိန် စက်တင်ဘာလ ၁၅ရက်နေ့က ပိတပ်ရွာသား ကိုးဦးကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေငါးသိန်းတောင်းယူပြီး လွှတ်ပေးခဲ့ရာတွင် အဓိက တာဝန်ရှိသူ စစ်ကောင်စီတပ်က ဗိုလ်ကပင် ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု သတင်းထွက်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ပိတပ်ကလူတွေကို ဖမ်းလာပြီး ငွေတောင်း ပြန်လွှတ်တာသူပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သို့သော် အထက်ပါပြောဆိုချက်နှင့် ပတ်သက်ပြီး Dawei Watch က သီးခြားအတည် မပြုနိုင်သေးပေ။

ပုလောမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ လက္ကူးကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့သည်။