BREAKING
January 15, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 23, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

ထိုင်းမှာ လေယာဉ်ငယ်ပျက်ကျလို့ လူကိုးဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း ချာချင်ဆောင်ခရိုင်မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါလာသူ ခုနစ်ဦးနဲ့ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့ပါတယ်။

ဘန်ပကုံးဒေသမှာရှိတဲ့ ခေါင်းဒင်ဘုန်းကြီးကျောင်းအနောက်မှာ ဩဂုတ် ၂၂ ရက် ညနေ ၃ နာရီကျော်က ပျက်ကျခဲ့တာပါ။

လေယာဉ်ငယ်က Thai Flying Service ရဲ့လေယာဉ်ဖြစ်ပြီး သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ စတင်ပျံသန်းခဲ့တာပါ။

လေယာဉ်က တရတ်ခရိုင် ကိုမိုင်ချိလေဆိပ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ပျံတက်ပြီး ၁၀မိနစ်ကျော်အကြာ ညနေ ၃ နာရီခန့်မှာ သုဝဏ္ဏဘူမိ ထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက် သွားခဲ့တာပါ။

 ညနေ ၃ နာရီ ၁၈ မိနစ်မှာတော့ ချာချင်ဆောင်ခရိုင်မှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ တရုတ်နိုင်ငံသား ငါးဦးပါဝင်ပြီး ထိုင်းခရီးသည် နှစ်ဦး၊ ထိုင်းလေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ ပါဝင်ခဲ့ပါတယ်။

Ref: Bangkok Post

………………………………..

အင်ဒိုနီးရှား လွတ်လပ်ရေးနေ့ ကျင်းပ

အင်ဒိုနီးရှားနိုင်ငံမှာ ဩဂုတ်လ ၁၇ ရက်နေ့က ကျရောက်တဲ့ ၇၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့တော်သစ်လုပ်မယ့် နုဆန်တရာမြို့မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ သမ္မတ ဂျိုကိုဝီဒိုဒိုက မြို့တော်သစ် ဖွင့်ကြောင်းကိုပါ တရားဝင်ကြေညာသတ်မှတ်ဖို့ အရင်စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် မြို့တော်သစ်အဖြစ် တရားဝင် မဖွင့်နိုင်ခဲ့ပါဘူး။

ဂျကာတာမြို့တော်ဟာ လူဦးရေ ထူထပ်လွန်းပြီး ပင်လယ်ရေမျက်နှာပြင်အောက်ကို တဖြည်းဖြည်း ရောက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဘော်နီယိုကျွန်းပေါ်မှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံထက်မနည်း ကုန်ကျမယ့် နုဆန်တရာ (Nusantara) မြို့တော်သစ်ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

Ref: DW

………………………………..

ရုရှားက တံတားနှစ်စင်းကို ယူကရိန်း ဖျက်ဆီး

ရုရှားနိုင်ငံအနောက်ပိုင်း ကာစ့်ဒေသက အဓိကကျတဲ့ တံတားတစ်စင်းနဲ့ အနီးအနားမှာရှိတဲ့ နောက်ထပ်တံတားတစ်စင်းတို့ကို ယူကရိန်းတပ်ဖွဲ့တွေက ဖျက်ဆီးလိုက်ပါတယ်။

ရုရှားပိုင်နက်ထဲ ယူကရိန်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖျက်ဆီးခဲ့တာပါ။

ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ ထောက်ပို့လမ်းကြောင်းတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဖျက်ဆီးခဲ့နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

စီရမ်မြစ်ပေါ်က တံတားကို ယူကရိန်းတပ်ဖွဲ့တွေ ဖျက်ဆီးခဲ့တယ်လို့ ဩဂုတ်လ ၁၈ ရက်နေ့မှာ နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။

အနီးမှာရှိတဲ့ နောက်ထပ် မြစ်ကူးတံတား တစ်စင်းကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

Ref: NBC News

………………………………..

အိန္ဒိယမှာ ဆရာဝန်တွေ ဆန္ဒပြ

အိန္ဒိယနိုင်ငံမှာ ဆန္ဒပြနေကြတဲ့ သောင်းနဲ့ချီတဲ့ဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစိုးရရဲ့တိုက်တွန်းချက်ကို ဩဂုတ်လ ၁၉ ရက်နေ့မှာ ငြင်းဆန်လိုက်ပါတယ်။

ဒီလအစောပိုင်းက လုပ်ငန်းခွင်မှာ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးအတွက် တရားမျှတမှုရရေးနဲ့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်အခြေအနေဖန်တီးပေးဖို့ ဆရာဝန်တွေ တောင်းဆိုဆန္ဒပြနေကြတာပါ။

သြဂုတ် ၉ ရက်နေ့က အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆေးမှူးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေက အရေးပေါ်မဟုတ်တဲ့လူနာတွေကို စောင့်ရှောက်မှုတွေရပ်ပစ်လိုက်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပက်သက်လို့ ဆေးရုံမှာ တာဝန်ကျတဲ့ ရဲလုပ်အားပေးတပ်သားတစ်ဦးကို ဒီပြစ်မှုအတွက် ဖမ်းဆီးအရေးယူထားပါတယ်။

Ref: BBC

………………………………..

ဂျာမနီမှာ ချားရဟတ် မီးလောင်

ဂျာမနီနိုင်ငံ အရှေ့ပိုင်းက လစ်ဇစ်မြို့နားမှာ ကျင်းပတဲ့ ဩဂုတ်လ ၁၇ ရက်နေ့က ဂီတပွဲတော်ထဲ ချားရဟတ်ရဲ့ ဆိုင်းတွဲ ၂ တွဲ အမြင့်မှာရောက်နေတဲ့အချိန် မီးလောင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူ ၄ ဦး မီးလောင်တဲ့ဒဏ်ရာတွေ ရခဲ့ပြီး တစ်ဦးက ပြုတ်ကျလို့ ဒဏ်ရာရခဲ့တာပါ။

အခြားအတွဲတွေမှာ လိုက်စီးနေသူတွေနဲ့ အခင်းဖြစ်ဖြစ်ချင်း ရောက်လာတဲ့ ရဲတွေအပါအဝင် ကူညီကယ်ဆယ်ရေးသမားတွေပါ မီးခိုးငွေ့ရှုမိပြီး လူပေါင်း ၂၀ ထက်မနည်း ဆေးရုံရောက်ခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

Ref: CNN

………………………………..

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အာဖဂန်နစ္စတန်က ပြည်ဝင်ခွင့်ပိတ်

ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Richard Bennett ကို အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်ခွင့် တာလီဘန်အစိုးရက ပိတ်ပင်လိုက်ပါတယ်။

ကုလသမ္မဂကိုယ်စားလှယ်ကို ဝါဒဖြန့်နေတယ်လို့ စွပ်စွဲပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာပါ။

၂၀၂၂ ခုနှစ်မှာပဲ အာဖဂန်နိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ စောင့်ကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက Richard Bennett ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

သူက တာလီဘန်အစိုးရရဲ့ ဆက်ဆံမှုတွေဟာ အာဖဂန် အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်ထားသလို ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

အထူးကိုယ်စားလှယ် Bennett ဟာ အာဖဂန်နိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခဲ့သူ ဖြစ်ပါတယ်။

Ref: France 24 

………………………………..

ဂျပန်နိုင်ငံသားတစ်ဦးကို သူလျှိုလို့ စွပ်စွဲပြီး တရုတ်ဖမ်းဆီး

သူလျှိုလုပ်တယ်လို့ဆိုပြီး ဂျပန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရက စွဲချက်တင်လိုက်ပါတယ်။

ဂျပန်ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးကို တရုတ်နိုင်ငံ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးပြီး တရားမဝင် ရာဇဝတ်ကျူးလွန်မှုတွေအတွက် စွဲချက်တင်လိုက်တာပါ။

ဒါကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံသားကို ၂၀၂၃ ခုနှစ် မတ်လထဲက ဖမ်းဆီးစစ်ဆေးနေခဲ့ပြီး တရုတ်အာဏာပိုင်တွေက သူလျှိုလုပ်မှုနဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံကြား နျူးကလီးယား ဓါတ်အားပေးစက်ရုံက သန့်စင်ပြီးသားရေတွေ ပင်လယ်ထဲ စွန့်ထုတ်မှုတွေကြောင့် တင်းမာမှုတွေ ရှိနေချိန် ဂျပန်နိုင်ငံသားကို ဖမ်းဆီးတရားစွဲတဲ့အတွက် တင်းမာမှုတွေ ဆက်ဖြစ်လာခဲ့ပါတယ်။

Ref: REUTERS

………………………………..

ခိုးယူခံထားရတဲ့ ရှေးဟောင်းရုပ်ပွားတွေ ကမ္ဘောဒီးယား ပြန်ရ

ကမ္ဘောဒီးယားနိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်း ဗုဒ္ဓဆင်းတုတွေ၊ ဟိန္ဒူနတ်ဘုရားရုပ်တုတွေ နိုင်ငံထဲ ဩဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။

ပြန်ရောက်လာတဲ့အချိန် ဝန်ကြီးချုပ် ဦးဆောင်ပြီး အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတာပါ။

ရှေးဟောင်းပစ္စည်းတွေက ခမာ အင်ပါယာလက်ထက် ၉ ရာစုကနေ ၁၄ ရာစုကြားမှာရှိခဲ့တဲ့ ရှေးဟောင်းဆင်းတုတွေဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။

ရှေးဟောင်းပစ္စည်း အမျိုး ၇၀ နိုင်ငံကို ပြန်ရောက်လာတာဟာ ကမ္ဘောဒီးယားပြည်သူတွေနဲ့ ဘိုးဘွားဝိညာဉ်တွေ ပြန်လည် ပေါင်းစည်းနိုင်တဲ့ သင်္ကေတဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မနက်က ဆိုပါတယ်။

Ref: Xinhua

………………………………..

ဘော့စ်ဝါနာမှာ နှစ်တစ်ရာအတွင်း ကမ္ဘာ့အကြီးဆုံး စိန်တွေ့

ဘောစ့်ဝါနာနိုင်ငံ ကာရိုဝီစိန်တွင်းကနေ ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်တဲ့ ကာရက် ၂၅၀၀ နီးပါးရှိ စိန်တုံးကြီး တစ်ပွင့်ကို တွေရှိခဲ့ပါတယ်။

ကနေဒါ မိုင်းကုမ္ပဏီဖြစ်တဲ့ Lucara Diamond ကော်ပိုရေးရှင်းက ကာရိုဝီ မိုင်းမှာ စိန်တုံးကြီးကို တွေ့ခဲ့တယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

၁၉၀၅ ခုနှစ်တုန်းကတော့ တောင်အာဖရိကမှာ ၃၁၀၆ ကာရက်ရှိတဲ့ Cullinan စိန်ကြီးကို တူးဖေါ်ရရှိခဲ့ပြီးနောက်ပိုင်း ဒီလိုကြီးမားတဲ့ စိန်ကို နှစ်ပေါင်း ၁၀၀ ကျော်မှာ ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခု စိန်ကြီးတွေ့ရတဲ့ ကာရိုဝီမိုင်းဟာ အရင်က ကာရက်ချိန် ၁၀၀၀ ကျော် စိန် ၄ လုံး ထွက်ခဲ့တဲ့ မိုင်း ဖြစ်ပါတယ်။

Ref: BBC

………………………………..