BREAKING
January 23, 2025

ပြည်တွင်းထုတ် စားသုံးဆီဈေးတက်လာသည့် ထားဝယ်ဈေးကွက်

August 23, 2024

ထားဝယ်တွင် ယခုသီတင်းပတ်အတွင်း ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမြင့်တက်နေသည်။

အမေထွားတံဆိပ် မြေပဲဆီ တစ်လီတာလျှင် ယခင်အပတ်က ၉၀၅၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၀,၆၀၀ကျပ်၊ ဇွဲတံဆိပ် မြေပဲဆီ တစ်ပိဿာလျှင် ၁၈,၆၀၀ကျပ်မှ ယနေ့ ၂၀,၇၀၀ကျပ်၊ နှမ်းဆီတစ်လီတာလျှင် ၁၁၀၀၀ကျပ်မှ ယနေ့ ၁၁,၇၀၀ကျပ် ဖြစ်လာသည်။

ပြည်တွင်းထုတ် စားသုံးဆီဈေးမှာ အမျိုးအစားအလိုက် တစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ‌၆၀၀ ကျော်မှ ကျပ် ၁၀၀၀ကျော်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော် ယခင်အပတ်များက အတက်ကြမ်းသည့် ပုစွန်နှစ်ကောင်တံဆိပ်၊ ပဲလုံးတံဆိပ် ယိုးဒယားဆီများမှာ ယခုသီတင်းပတ်တွင် ဈေးအကျဘက် ပြန်ရောက်လာခဲ့သည်။

ယခင်သီတင်းပတ်က ပုစွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီ တစ်လီတာ ၁၂,၅၀၀ကျပ်စျေးရှိခဲ့ပြီး ယနေ့ ၁၀,၂၀၀၊ ပဲလုံးတံဆိပ်မှာလည်း ၁၂,၅၀၀ကျပ်မှ ယနေ့ ၁၁,၀၀၀ကျပ် စျေးရှိသည်။

ထိုင်းနိုင်ငံထုတ် စားသုံးဆီးဈေးမှာ တစ်ပတ်အတွင်း အမျိုးအစားအပေါ်မူတည်ကာ တစ်လီတာလျှင် ကျပ် ၁၀၀၀ကျော်မှ ကျပ် ၂၀၀၀ကျော်အထိ ဈေးပြန်ကျလာခဲ့သည်။

ထားဝယ်တွင် ၂၀ လီတာရှိ သောက်ရေသန့်တစ်ဘူး လဲလှယ်ခ ယခင်အပတ်က ၁၂၀၀ကျပ်သာရှိရာမှ ယနေ့ ၁၅၀၀ကျပ် ဖြစ်လာသည်။ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လိုက်ပါမြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပုစွန်ဈေးကွက်မှာ ယနေ့ဇယားပါအတိုင်းဈေးနှုန်းများမြင့်တက်နေသည်ကိုတွေ့ရသည်။

ထားဝယ်မြို့ရှိ ငါး၊ပုစွန်ဈေးကွက်သို့ ယခု ရက်ပိုင်းရေထွက်ကုန်များ အဝင်နည်းသောကြောင့် ငါးပုစွန်ဈေးများ ဈေးအမြင့်ဘက်သို့ ရောက်နေကြောင်း ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။