BREAKING
January 15, 2025

ထိန်တွင်းနှင့် မောင်မယ်ရှောင်ရွာတွင် လက်နက်ကြီးကြောင့် မီးသင်္ဂြိုဟ်စက်၊ ဇရပ်နှင့် နေအိမ်အချို့ပျက်စီး

August 23, 2024

လောင်းလုံးမြို့နယ် ထိန်တွင်းရွာနှင့် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတို့တွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးသင်္ဂြိုဟ်စက်၊ ဇရပ်နှင့် နေအိမ်အချို့ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက် ညနေပိုင်းတွင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ မြစ်ကမ်းဘေးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်း လောင်းလုံးမြို့နယ်ဘက်တွင်ရှိသည့် PDF အဖွဲ့တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားသည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များအနက် လေးလုံးမှာ ထားဝယ်မြစ် တစ်ဖက်ကမ်း လောင်းလုံးမြို့နယ် ထိန်တွင်းရွာသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။

“(လက်နက်ကြီးကျည်) ရွာလယ်ကိုကျတယ်လို့ ပြောရမယ်” ဟု ၎င်းက ပြောသည်။

ထိန်တွင်းရွာတွင် အဘွားတစ်ဦးသေဆုံးပြီး နေအိမ်နှစ်ဆောင်နှင့် ဘုန်းကြီးကျောင်းထဲရှိ ဇရပ်တစ်ဆောင်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့်အသက် ၈၁ နှစ်အရွယ် ဒေါ်ဖွားကြီး သေဆုံးခဲ့သည့် သတင်းကို ဩဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက Dawei Watch က သတင်းဖော်ပြပြီးဖြစ်သည်။

အဆိုပါအဘွား၏ နေအိမ်နံဘေးရှိ နေအိမ်တွင် ပြတင်းပေါက်မှန်နှင် အိမ်၏ ကွန်ကရစ်နံရံများ ပျက်စီးခဲ့ပြီး နောက်တစ် ဆောင်မှာ အိမ်တွင်းအိမ်ပြင် ပရိဘောဂ၊ အိမ်ခေါင်မိုး၊ အိမ်ထဲတွင် ရှိသည့် မော်တော်ဆိုင်ကယ်တစ်စီးပါ ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာရှိ ဆောက်လက်စ မီးသင်္ဂြိုဟ်စက်လည်း ထိမှန်ပျက်စီးခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

“အစ စင်တာနဲ့ဆို (အိမ်) လေးငါးဆောင်လောက် ထိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၂ ရက် ညနေ့ကဖြစ်သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်သည့်အတွက်ကြောင့် ထိန်တွင်းရွာသား အများစုမှာ ယခုလက်ရှိ ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်နေကြရကြောင်း ဒေသခံထံမှ သိရသည်။

“သတင်းတွေက အမျိုးမျိုးကြားနေရတော့ ကျွန်တော်တို့လည်း ပြေးနေရတယ်” ဟု ဒေသခံလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ပြီး မနေ့ညနေက သေဆုံးသည့် အဘွား၏ရုပ်အလောင်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။