BREAKING
September 16, 2024

အိန္ဒိယကို ရိုက်ခတ်သွားတဲ့ မုဒိမ်းမှု

August 23, 2024

၂၀၁၂ ခုနှစ် ဒီဇင်ဘာလရဲ့ ညတည။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူတစ်ယောက်ဟာ သူမကို အိမ်ပြန်ပို့ပေးမယ့် ဘတ်စကားတစ်စီးပေါ်မှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံလိုက်ရပါတယ်။ ရက်စက်မှုဟာ ဆေးကျောင်းသူလေးရဲ့ မိန်းမကိုယ်ထဲ သံတုတ်ထိုးသွင်းခံရတဲ့အထိ။

ဆေးကျောင်းသူလေးရဲ့ အူတွေပါ ပျက်စီးသွားခဲ့ရတယ်။ ရက်ပိုင်းအကြာမှာ သူမ ဆုံးပါး သွားခဲ့တယ်။ ရင်ထုမနာ ဒေါသတွေနဲ့ အိန္ဒိယဟာ ဆူပွက်ကျန်ရစ်ခဲ့တယ်။ ဆန္ဒပြပွဲတွေဟာ အိန္ဒိယရဲ့ လမ်းတွေပေါ်မှာ နေရာယူမြည်ဟိန်းသွားတယ်။

နယူးဒေလီ ဘတ်စ်ကားပေါ်က မုဒိမ်းမှုဖြစ်ပွားခဲ့ပြီး ၁၂ နှစ်အကြာမှာ ပေါ်ပေါက်လာတဲ့ နောက်ထပ် မုဒိမ်းမှုတစ်ခုက လက်ရှိအိန္ဒိယနိုင်ငံကို ရိုက်ခတ်နေပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ညမှာ ကာလကတ္တားမြို့က ပြည်နယ်ဆေးရုံမှာ အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆရာဝန်အမျိုးသမီးတစ်ယောက်ဟာ ၃၆ နာရီကြာ အလုပ်ချိန်ပြီးလို့ ဆေးရုံဟောခန်းထဲမှာ အနားယူနေတုန်း မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရလို့ပါပဲ။

ကာလကတ္တားမုဒိမ်းမှုဂယက်

ဒီဖြစ်ရပ်ရဲ့ သတင်းဆိုးက အိန္ဒိယတနိုင်ငံလုံးကို ရိုက်ခတ်သွားတယ်။ လူစိတ်ရှိတဲ့ အိန္ဒိယနိုင်ငံသားတိုင်းက ဒီဖြစ်ရပ်အပေါ် အော့နှလုံးနာ ဒေါသထွက်ကြတယ်။

တနိုင်ငံလုံးက ဆရာဝန်တွေအနေနဲ့ သပိတ်မှောက်ကြဖို့ တိုင်းပြည်မှာ အကြီးဆုံးဆရာဝန်အသင်းကြီးက ဩဂုတ်လ ၁၈ ရက်နေ့မှာ ဆော်ဩလိုက်တယ်။ သပိတ်မှောက်နေစဉ်အချိန်အတွင်း အဓိကဆေးရုံကြီးတွေမှာ အရေးပေါ်ဆေးဝါးကုသမှုတွေကိုပဲ ဆောင်ရွက်ပေးခဲ့ကြတယ်။

ဆရာဝန်တွေရဲ့ သပိတ်မှောက်မှုဟာ နိုင်ငံတလွှားက လူနာတွေအပေါ် များစွာထိခိုက်စေခဲ့တယ်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။ အမျိုးသမီးတွေ အဓိကဦးဆောင်တဲ့ ဒီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပိုအရှိန်ရလာခဲ့တယ်။

မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ ဆရာဝန်မလေးရဲ့ အဖြစ်ဆိုးအတွက် တရားမျှတမှုရရှိရေး တောင်းဆိုသံတွေ ပေါက်ကွဲလာတယ်။ ဆန္ဒပြသူအချို့က ဘောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေကပါ သေဆုံးသူအတွက် တရားမျှတမှုရရှိရေး တောင်းဆိုလာကြတယ်။ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံကို သေဒဏ်ပေးဖို့ တောင်းဆိုကြတယ်။

ဆရာဝန်အမျိုးသမီးများရဲ့ အသံ

လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ ကာလကတ္တားမုဒိမ်းမှုဟာ အိန္ဒိယနိုင်ငံက အမျိုးသမီးဆရာဝန်တွေရဲ့ နှလုံးအိမ်မှာ အကြောက်တရားအသစ်တစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ အိန္ဒိယအမျိုးသမီးဆရာဝန်တွေဟာ ဒီလိုအန္တရာယ်မျိုးအတွက် သတိထားနေရတာကို ကျင့်သားရနေပြီးသားပါ။

ညဘက်မှာ တစ်ယောက်တည်း သွားလာရမယ့်အခြေအနေကို ရှောင်ရှားနိုင်ဖို့ ကြိုးစားနေလာရတာ အခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်အတွင်းမှာတော့ သူတို့ စိတ်အေးလက်အေး နေနိုင်မယ်လို့ ခံစားခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီခံစားချက်ကို ကာလကတ္တားမုဒိမ်းမှုက ရိုက်ခွဲသွားခဲ့တယ်။

ဟိုက်ဒရာဘတ်မြို့ ဆေးရုံတစ်ရုံက ဆရာဝန်အမျိုးသမီးတစ်ယောက်က အခုလို ပြောပါတယ်။

“ညနှစ်နာရီ ၊ သုံးနာရီအချိန် ဆေးရုံထဲမှာ ကျွန်မ ဘာကိုမှ မတွေးဘဲ ယုံကြည်စိတ်ချမှုရှိရှိ သွားလာနိုင်ခဲ့တယ်။ ကျွန်မရဲ့ ဂျူတီကုတ်အဖြူက ကျွန်မအတွက် အကာအကွယ်တစ်ခုလိုပါပဲ။ ဒါပေမယ့် အဲဒီ ‘လုံခြုံမှု’ဆိုတဲ့ ခံစားချက်ဟာ အခုကစပြီး ပျောက်ကွယ်သွားခဲ့ပါပြီ”

သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ်ဦးကလည်း အမျိုးသမီးဆရာဝန်တွေဟာ ဒီမှုဒိမ်းမှုဖြစ်ရပ်ကြောင့် အင်မတန်စိတ်ထိခိုက် တုန်လှုပ်နေရတယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်။

“ကျွန်မတို့ဟာ ညဘက်မှာ ဂျူတီဆင်းတာတွေ ၊ တနေ့တာရဲ့ ဘယ်အချိန်ဘယ်နာရီမှာမဆို ဖုန်းလက်ခံဖြေကြားပေးရတာတွေ ၊ ညကြီးအချိန်မတော် ကလေးမီးဖွားပေးရတာတွေကို ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလည်ပတ်မှုလိုမျိုး လုပ်လာခဲ့ကြတာပါ။ ဒါတွေဟာ ကျွန်မတို့လို ဆရာဝန်တွေအတွက်တော့ လုံးဝပုံမှန်ဖြစ်တဲ့ နေ့စဉ်လည်ပတ်မှုပါပဲ။ ကျွန်မတို့ရဲ့ ပုံမှန်အလုပ်ချိန်ထဲမှာတောင်မှ ဒီလို အကျည်းတန်အရုပ်ဆိုးတဲ့အရာမျိုး ဖြစ်ပျက်နိုင်တယ်ဆိုတာကို တွေးကြည့်လိုက်ရင် ကျွန်မတို့အတွက် အင်မတန်စိတ်သောကရောက်ရပါတယ်”

အစိုးရဘက်က တုံ့ပြန်မှု

အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးဟာ တိုင်းပြည်ရဲ့ လိပ်ပြာကို ခြောက်လှန့်လိုက်တယ်ဆိုပြီး အိန္ဒိယတရားရုံးချုပ်က ရှုတ်ချခဲ့ပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်းမှာ ကာလကတ္တားဆေးရုံက အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်သုံးဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အခင်းဖြစ်ပွားရာ ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်နေသူ အမျိုးသားတစ်ယောက်ကို ဒီအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားပါတယ်။ ‘ဆန်ဂျွိုင်းရွိုင်’လို့ အမည်ရတဲ့ အမျိုးသားဟာ ဆေးရုံရဲ့ ဘယ်နေရာကိုမဆို ဝင်ထွက်သွားလာနိုင်တဲ့ စေတနာ့ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။

ဒီအဖြစ်ဆိုးကို တုံ့ပြန်ဖြေရှင်းတဲ့ အနေနဲ့ အနောက်ဘင်္ဂလားပြည်နယ်အစိုးရက လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် အစီအမံသစ်တွေ ဖော်ဆောင်တော့မယ်ဆိုတဲ့အကြောင်း အသိပေးကြေညာခဲ့ပါတယ်။ ပြည်နယ်ဆေးရုံတွေမှာ လုံခြုံရေးကင်မရာတပ်ဆင်ထားတဲ့ ဘေးကင်းဇုန်တွေ ဖန်တီးပြီး သီးသန့်သတ်မှတ်ထားတဲ့ နားနေခန်းတွေ ဖန်တီးပေးသွားမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကာလကတ္တားမြို့ရဲတပ်ဖွဲ့က ကျောင်းသား ၂၀၀ ကျော်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အချို့သော နိုင်ငံရေးပါတီဝင်တွေကို သတိပေးစာတွေ ပေးပို့ခဲ့ပါတယ်။ မုဒိမ်းမှုအကြောင်း သတင်းစကားအမှားတွေ ဖြန့်ဝေပြီး မုဒိမ်းမှုကျူးလွန်ခံရသူ မည်သူမည်ဝါဆိုတာကို ဖော်ထုတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်က သတိပေးစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မုဒိမ်းကျူးလွန်ခံရသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြတာကို ဥပဒေအရ တားမြစ်ထားပါတယ်။

နိုင်ငံတလွှားက ဆရာဝန်တွေ သပိတ်မှောက်ဆန္ဒပြလာပြီးနောက်မှာ အစိုးရဆေးရုံအားလုံးမှာ လုံခြုံရေးဝန်ထမ်းတွေ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ချထားပေးတော့မယ်လို့ အစိုးရဘက်က ထုတ်ပြောလာပါတယ်။

၂၀၁၂ ခုနှစ် နယူးဒေလီဘတ်စ်ကားပေါ်က မုဒိမ်းမှုဖြစ်ရပ်ကြောင့် ဆန္ဒပြပွဲတွေ ကြီးကြီးကျယ်ကျယ် ပေါ်ပေါက်လာပြီးနောက်မှာ မုဒိမ်းမှုကျူးလွန်သူတွေအတွက် ပိုပြင်းထန်တဲ့ အပြစ်ဒဏ်ချမှတ်ဖို့ ပါလီမန်ထဲမှာ တွန်းအားဖြစ်စေခဲ့ပါတယ်။ မုဒိမ်းမှုအကြိမ်ရေများစွာ ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ဖို့ ပထမဆုံး ပြဌာန်းခဲ့ပါတယ်။

၂၀၁၃ မှာ ပြင်ဆင်ပြဌာန်းလိုက်တဲ့ မုဒိမ်းမှုဆိုင်ရာ ဥပဒေမှာ အမျိုးသမီးတွေကို ကာယိန္ဒြေပျက်ပြားအောင် နောက်ယောင်ခံလိုက်တာ၊ အမျိုးသမီးတွေရဲ့ ပုဂ္ဂလိကလုံခြုံမှုကို ချိုးဖောက်စောင့်ကြည့်တာတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ပြစ်ဒဏ်စီရင်ချက်ချမှတ်ခံရနိုင်တဲ့ အငယ်ဆုံးအသက်အရွယ်ကို ၁၈ နှစ်ကနေ ၁၆ နှစ်အထိ လျှော့ချခဲ့ပါတယ်။

အိန္ဒိယနဲ့ မုဒိမ်းမှု

ကမ္ဘာ့မျက်နှာဖုံးအင်အားကြီးနိုင်ငံတစ်ခုအဖြစ် အမြင်ခံရအောင် အသည်းအသန်ကြိုးစားနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် မလုံခြုံဆုံးနေရာတွေထဲမှာ အံ့အားသင့်စရာ ပါဝင်နေပါတယ်။ မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ အိန္ဒိယလို ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံမှာ အတွေ့ရများတဲ့ မှုခင်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီမှုခင်းတွေအတွက် အရေးယူမှုနှုန်းကတော့ အတော်လေးကို နိမ့်နေပါတယ်။

“ပြည်သူတွေ ဆန္ဒပြလာမှပဲ ဒီလိုမုဒိမ်းမှုတွေ ထပ်မဖြစ်အောင် အစိုးရဘက်က အားထုတ်မယ်ဆိုရင် ဒါဟာ စနစ်ကိုက မှားယွင်းနေတာ ဖြစ်တယ်။ ဒီလိုဆိုရင်တော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အဆုံးသတ်သွားတာကို ကျွန်မတို့ ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး”လို့ အိန္ဒိယနိုင်ငံက အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ အိန္ဒိယနိုင်ငံမှာ အဓိကပြဿနာကြီးတစ်ရပ်အနေနဲ့ ရှိနေတုန်းပါပဲ။ ၂၀၂၂ ခုနှစ်တစ်နှစ်တည်းမှာတင် တနေ့မှာ ပျမ်းမျှမုဒိမ်းမှုပေါင်း အကြိမ် ၉၀ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုအကြိမ်ရေထက် ၂၀ ရာခိုင်နှုန်း ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတော်တော်များများဟာ တရားရုံးတွေဆီ ရောက်မလာပါဘူး။ အကြောင်းရင်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်ခံရပြီးနောက်မှာ လူမှုရေးအမည်းစက်ထင်မှာ စိုးရိမ်မှုနဲ့ ထုတ်ဖော်မပြောရဲကြတာကြောင့်လည်း ပါပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မယုံကြည်တာကြောင့်လည်း ပါပါတယ်။

လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူတွေကို ပတ်ဝန်းကျင်က အပြစ်တင်ပြီး မြေနိမ့်ရာအလံစိုက်လေ့ရှိတဲ့ ကျေးလက်ဒေသတွေမှာ ဒီပြဿနာက ပိုကြီးမားတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ကျေးလက်ဒေသတွေမှာ ကျူးလွန်ခံရသူရဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်မှာ မျက်နှာမဖော်နိုင်ဖြစ်မှာကို စိုးရိမ်လေ့ရှိတာကြောင့်လည်း ပါပါတယ်။

အကြွေပန်းတစ်ပွင့်အတွက် မချိတင်ကဲ

“အသက် ၆၂ နှစ်အရွယ်မှာ ကျွန်တော့်အိပ်မက်တွေ အားလုံး တစစီဖြစ်သွားခဲ့ရတယ်”

သမီးလေးရဲ့ အဖြစ်ဆိုးအတွက် ဖခင်ဖြစ်သူရဲ့ ကြေကြေကွဲကွဲ ရင်ဖွင့်စကားပါ။

ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ ငယ်ဘဝအိပ်မက်ကို အိပ်ရာဝင်ခါနီးတိုင်း ဒိုင်ယာရီထဲမှာ ညတိုင်းထည့်ရေးလာခဲ့တဲ့ သူ့သမီးလေးဟာ အလုပ်သင်ဆရာဝန်ဘဝမှာပဲ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်။ ငယ်စဉ်ဘဝမှာ ချို့ချို့တဲ့တဲ့ ကြီးပြင်းလာခဲ့ရတဲ့ သမီးလေးဟာ ပြည့်စုံကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး မိဘနှစ်ပါးကို တင့်တင့်တယ်တယ် စောင့်ရှောက်နိုင်အောင် အသေအလဲ ကြိုးစားခဲ့တယ်။

“ကျွန်တော်တို့ဟာ ဝင်ငွေနိမ့်အလယ်အလတ်ဘဝနောက်ခံကနေ လာခဲ့ကြတယ်။ အရာအားလုံးကို ကျွန်တော်တို့ ကိုယ်တိုင်တည်ဆောက်ခဲ့ရတယ်။ သမီးလေး ငယ်ငယ်တုန်းက ကျွန်တော်တို့မှာ ငွေရေးကြေးရေးအရ ရုန်းကန်ခဲ့ရတယ်”လို့ အပ်ချုပ်သမားတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူက ပြန်ပြောပြတယ်။

သမီးဖြစ်သူအကြိုက်ဆုံး သလဲသီးတွေကို ဝယ်ကျွေးဖို့တောင် ပိုက်ဆံမရှိတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်လို့ အဖေဖြစ်သူက ဆက်ပြောပါတယ်။

“လူတွေက ပြောကြတယ်။ မင်းတို့ရဲ့ သမီးကို ဆရာဝန်ဖြစ်လာအောင် မင်းတို့ မလုပ်ပေးနိုင်ဘူးတဲ့။ ဒါပေမယ့် သူတို့မှားတယ်ဆိုတာကို ကျွန်တော့်သမီးလေးက အားလုံးကို သက်သေပြနိုင်ခဲ့တယ်။ အစိုးရဆေးကောလိပ်တစ်ခုမှာ ဝင်ခွင့်ရခဲ့တယ်”

ဆရာဝန်ဖြစ်ဖို့ တသက်လုံးအိပ်မက်မက်လာခဲ့တဲ့ သမီးလေးဟာ ကြိုးစားနေဆဲမှာပဲ မလှပတဲ့ သေဆုံးမှုနဲ့ မိဘနှစ်ပါးကို ထာဝရနှုတ်ဆက်သွားခဲ့တယ်။ တစ်ဦးတည်းသော သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရမှုက သူတို့ရဲ့ ရင်ဘတ်ကို ဟောင်းလောင်းပေါက်ဖြစ်သွားစေသလို ခံစားရတယ်လို့ ပြန်ပြောပြနေတဲ့ မိဘနှစ်ပါးရဲ့ လေသံက မချိတင်ကဲ။ ဘယ်လိုမှ ဖြေမဆည်နိုင်တဲ့ ဝေဒနာတွေ စွက်နေတယ်။ သွေးတိုးရောဂါဝေဒနာသည်ဖခင်ဖြစ်သူဟာ သူ့သမီးလေးက သူ ဆေးအချိန်မှန်သောက်အောင် အမြဲဂရုစိုက်ပေးခဲ့ပုံတွေကို ပြန်ပြောင်းပြောပြခဲ့တယ်။

သူတို့သမီးရဲ့ အဖြစ်ဆိုးဟာ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့ ဘတ်စ်ကားပေါ်က အုပ်စုလိုက်မုဒိမ်းမှုကို ပြန်အမှတ်ရစေတယ်လို့ မိဘဖြစ်သူ ဇနီးမောင်နှံက ဆိုပါတယ်။

အိမ်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် သမီးဖြစ်သူဟာ အိမ်ကနေ ဆေရုံးကို နောက်ဆုံးအကြိမ် ထွက်မသွားခင်မှာ အမေဖြစ်သူကို အခုလို မှာခဲ့တယ်။

“ဖေဖေ ဆေးအချိန်မီသောက်အောင် ဂရုစိုက်ပေးနော်။ သမီးအတွက် ဘာမှ စိတ်မပူနဲ့”

၁၁ ရက်ကြာ ဆန္ဒပြပြီးတဲ့နောက် ဆရာဝန်တွေကတော့ အလုပ်ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ။

ဈာန်ဟိန်း