BREAKING
January 15, 2025

သထုံက နယ်ထိန်းရဲတပ်ဖွဲ့ နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

August 23, 2024

မွန်ပြည်နယ်၊ သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က သြဂုတ်လဒုတိယအပတ်အတွင်းက ရဲစခန်း၌ပင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့နှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ငွေ ကြေးထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟုလည်း နီးစပ်သူတို့က ပြောသည်။

“အဓိကက PDF ‌တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်တယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်းတို့ကို သထုံမြို့အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း စစ်ကြောရေးတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှု လုပ်ဆောင်နေသည်ဟုလည်း ပြောသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော်နှင့် ဩဂုတ် ၁၄ ရက်နေ့က ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးတို့ကို PDF ဖြင့်ဆက်သွယ်ခြင်း၊ သတင်းပေးခြင်းဆို့ လုပ်ဆောင်သည်ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနှင့် ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦးတို့ ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ သတင်းပေးပို့သည်ဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသလို တော်လှန်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့်စွပ်စွဲချက်ဖြင့် ပြည်သူများကိုလည်း ဆက်တိုက်ဖမ်းဆီးနေသည်။

စုဆောင်းထားသည့်အချက်အလက်များအရ လတ်တလောတွင်ပင် ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့နေနှင့် ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး စစ်ဆေးမှုလုပ်ဆောင်နေသည်။