BREAKING
September 19, 2024

ဖူးခက်တွင် မြေပြိုမှု ထားဝယ်သူ တစ်ဦးအပါအဝင် မြန်မာသုံးဦးသေဆုံး၊ ပျောက်ဆုံးသူများရှိ

August 23, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူခက်မြို့ ကတာရပ်ကွက်တွင် မိုးကြီးပြီး မြေပြိုကျမှုတွင် ထားဝယ်သူတစ်ဦးအပါအဝင် မြန်မာ နိုင်ငံသား သုံးဦးသေဆုံးပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ထိုင်းသတင်းဌာနများနှင့် ဖူးခက်တွင် နေထိုင်သည့် မြန်မာများထံမှ သိရသည်။

မြေပြိုမှုတွင် မြန်မာအပြင် ထိုင်းနိုင်ငံသား သုံးဦး၊ ရုရှားနိုင်ငံသား နှစ်ဦးလည်းသေဆုံးသဖြင့် စုစုပေါင်းရှစ်ဦး သေဆုံး ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

မြေပြိုမှုကြောင့် ပိတ်မိနေသူများကို ကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူများရှိသဖြင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ပျောက်ဆုံးသူများထဲတွင် မြန်မာနိုင်ငံသား မိသားစုလိုက် ပါဝင်နေကြောင်း ဖူးခက်တွင် နေထိုင်သည့် ထားဝယ်သား တစ်ဦးက ပြောသည်။

“(မြန်မာ) မိသားစုတစ်စုလုံး ပျောက်သွားလို့ လိုက်ရှာနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

မြေပြိုမှုကြောင့် သေဆုံးသူထဲတွင် ထားဝယ်သားများ ပါဝင်ကြောင်း အထက်ပါ ထားဝယ်ဒေသခံက ပြောဆိုသည်။ Dawei Watch က သိရသည့်အချက်အလက်အရ မြေပြိုမှုကြောင့် သေဆုံးသူထဲတွင် လောင်းလုံးမြို့နယ် ကမြောကင်းရွာ ရှင်တောက်ထိန်ရပ်က အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

ဖူးခက်မြို့တွင် ယမန်နေ့ညဘက်မှစတင်ကာ ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းအထိ မိုးကြီးခဲ့ပြီး မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မိုးကြီးပြီး မြေပြိုကျပြီး လူသေဆုံးသည့်အပြင် နေအိမ် ၂၅၀ ခန့်အထိ ပျက်စီးကြောင်း ဖူးခက်ခရိုင်က ထုတ်ပြန်ထားသည်။

နံနက် ၅ နာရီခန့်တွင် အိပ်ပျော်နေစဉ် အသံကျယ်တစ်ခုကြားရပြီးနောက် နံရံနှင့် ခေါင်မိုးပါ မြေကြီးထဲ ဆွဲဝင်သွားသည်ဟု ခံစားမိကြောင်း မြေပြိုမှုအနီး နေထိုင်သူတစ်ဦးက ထိုင်းသတင်းဌာနများသို့ ပြောဆိုထားသည်။

ထို့နောက် ခေါင်မိုးပေါ်တက်ပြေးခဲ့သဖြင့် လွတ်မြောက်လာခဲ့ကာ လက်နှင့် ခြေထောက်များတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဆိုထားသည်။

လက်ရှိတွင် မြေပြိုမှုဒဏ်ကို ခံစားရသော ပြည်သူများကို ကူညီပေးရန် ထိုင်းဒုဝန်ကြီးချုပ် Anutin Charnvirakul က ညွှန်ကြားထားသည်။

ဖူးခက်မြို့ပေါ်တွင် ချလွန်းနှင့် ကရွန်ဒေသများတွင် ရေကြီးနေပြီး ကတာဘုန်းကြီးကျောင်းအနောက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref: Khaosod English, Phuket News