BREAKING
January 15, 2025

ထိုင်းတွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် လူကိုးဦးသေဆုံး

August 23, 2024

ထိုင်းနိုင်ငံအလယ်ပိုင်း ချာချင်ဆောင်ခရိုင်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျသဖြင့် လေယာဉ်ပေါ်ပါလာသူ ခုနစ်ဦးနှင့် လေယာဉ်မှူးနှင် တွဲဖက်လေယာဉ်မှူးတို့ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ပကုံးဒေသရှိ ခေါင်းဒင်ဘုန်းကြီးကျောင်းအနောက်တွင် ဩဂုတ် ၂၂ ရက် ညနေ ၃ နာရီကျော်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ငယ်သည် Thai Flying Service ၏ လေယာဉ်ဖြစ်ပြီး သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် စတင်ပျံသန်းခဲ့ကာ တရတ်ခရိုင် ကိုမိုင်ချိလေဆိပ်သို့ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပျံတက်ပြီး ၁၀မိနစ်ကျော်အကြာ ညနေ ၃ နာရီခန့်တွင် သုဝဏ္ဏဘူမိ ထိန်းချုပ်ရေးမျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၈ မိနစ်တွင် ချာချင်ဆောင်ခရိုင်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများတွင် တရုတ်နိုင်ငံသား ငါးဦးပါဝင်ပြီး ထိုင်းခရီးသည် နှစ်ဦး၊ ထိုင်းလေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ ပါဝင်ခဲ့သည်။

လေယာဉ်ငယ်ပျက်ကျပြီးနောက် အပျက်အစီးများကို ယမန်နေ့က ချက်ချင်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ် ပါလာသူများ၏ အဝတ်အစားများနှင့် ဓါတ်ပုံများကို ကနဦးတွေ့ရှိထားကြောင်း ဖော်ပြထားသည်။

ယနေ့နံနက်ပိုင်းအထိ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာမတွေ့သေးဘဲ လက်ရှိတွင် စစ်သားများနှင့် ကယ်ဆယ်ရေး အဖွဲ့ သုံးရာကျော်က ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တွေ့ရှိထားပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးကြောင်း ဆိုသည်။

Ref: Bangkok Post, CNA