BREAKING
January 15, 2025

ရေဖြူ ဖောင်းတောရွာစာသင်ကျောင်းပြန်ဖွင့်ရန် ရေတပ်က ရွာသားများကို လုံခြုံရေးစီစဉ်ခိုင်း

August 23, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် စာသင်ကျောင်းပြန်ဖွင့်ရန်အတွက် ရွာသားများ လုံခြုံရေးတာဝန်ယူပေးရမည်ဟု မောရဝတီရေတပ်က ဩဂုတ်လ ၂ဝရက်တွင် အစည်းအဝေးခေါ်၍ ပြောဆိုခဲ့ကြောင်း ရွာသားများက ပြောသည်။

ဖောင်းတောရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးကို ဇွန်လ ၁၈ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုက လာရောက်သတိပေးပြီးနောက် ကျောင်းပိတ်ထားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ယင်းသို့ သတိပေးခံရပြီးနောက် စာသင်ကျောင်းပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး တို့ကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာပြီးနောက် မောရဝတီရေတပ်က ကျောင်းအုပ်ကြီးနှင့် ဆရာမများအား ကျောင်းပြန်ဖွင့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ကျောင်းအုပ်ကြီး၏ လုံခြုံရေးတောင်းဆိုချက်အရ မောရဝတီရေတပ်က ကျောင်းသားမိဘများနှင့်ရွာသားအချို့ ကို ဩဂုတ်လ ၂ဝ ရက်တွင် အစည်းအဝေးခေါ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

“အစည်းအဝေးက ကျောင်းပြန်ဖွင့်ဖို့ပဲ။ ရွာသားတွေက လုံခြုံရေးတာဝန်ယူပေးရမယ်ပြောတယ်။ ဘယ်လို လုပ်ရမယ်တော့ မပြောသေးဘူး။ လုံခြုံရေးလို့ ပြောလိုက်ရင် သေနတ်ကပါလာပြီ။ အခုက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပုံစံလုပ်နေတယ်။ ပြည်သူ့စစ်ဖွဲ့ဖို့ပါ ရည်ရွယ်နေတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

အစည်းအဝေးခေါ်ယူပြီးနောက် ဖောင်းတောကျေးရွာအုပ်စု၏ အရန်မီးသတ်အင်အားစာရင်းကို မောရဝတီရေတပ်က တောင်းယူသွားခဲ့ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် တောင်းသွားသည်ကိုမူ မသိရသေးကြောင်း အရန်မီးသတ်တပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အာဏာမသိမ်းမီကတည်းက မောရဝတီ‌ရေတပ်သည် ကံပေါက်တိုက်နယ်အတွင်းရှိ မင်းသား၊ နတ်ကြီးစင် စသည့် ကျေးရွာ အချို့တွင် ပြည်သူ့စစ်ဖွဲ့၍ လက်နက်တပ်ဆင်ပေးထားပြီး အာဏာသိမ်းပြီးနောက်တွင်လည်း လူအင်အားတိုးချဲ့ရန် ပြင်ဆင်ခဲ့သည်။

ယင်းအပြင် အာဏာသိမ်းပြီးနောက် သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီး (ခေါ်) ပြည်သူ့စစ်ထပ်ဖွဲ့ ပေးပြီး လက်နက်တပ်ဆင်ပေး၍ ဂိတ်ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် ဟိန္ဇဲချောင်းဝရှိ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။