BREAKING
January 15, 2025

လောင်းလုံးကျောက်နီမော်ရွာ ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်ဖွဲ့ဝင်၏ဇနီး သေဆုံး

August 23, 2024

လောင်းလုံးကျောက်နီမော်ရွာ ပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦး၏ဇနီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းပစ်ခတ်မှုတွင် နေအိမ်တစ်ဆောင် မီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး၏ အလောင်းကို နေအိမ်ပြာပုံထဲတွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့အိမ်က ရွာလယ်ရေတွင်းနောက်နားကအိမ်၊ အိမ်ပါမီးရှို့ခဲ့တယ်။ အလောင်းက တော်တော်များများ မီးလောင်ပျက်စီးနေပြီ။ သေနတ်ဒဏ်ရာတွေလည်း တွေ့ရတယ် ” ဟုဒေသခံကပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပျူစောထီးများကို သွားရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမတွင်ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထွက်ပြေးသွားကြောင်း၊ ယင်းနောက် ပျူစောထီးအိမ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ ပြန်ကြားရေတာဝန်ခံ ကိုရှဲဒိုးက အတည်ပြုပြောဆိုသည်။

“ပထမပျူတွေစုနေတဲ့နေရာကို အရင်သွားဝိုင်းတာ အဲဒီမှာသူတို့ကပြေးသွားတယ်။ အခုကဒုတိယပစ်မှတ်ဖြစ်တာပေါ့ သူတို့ကအိမ်မှာဆိုတာထက် ပျူစောထီးစခန်းမှာပဲ အနေများတယ်”ဟု ၎င်းကပြောသည်။

သေနတ်ဒဏ်ရဖြင့် မီးလောင်သေဆုံးနေသူ အမျိုးသမီးမှာ ကျောက်နီမော်ရွာ ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့ဝင် ဦးကြယ်ဖြူ၏ဇနီး ဒေါ်အင်ရွှေဆိုသူဖြစ်ကြောင်း ကိုရှဲဒိုးကလည်း အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ သွားတဲ့အချိန်မှာ ကြယ်ဖြူက အိမ်ပေါ်ကခုန်ချပြီး ပြန်ပစ်တယ်။ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ ဒီအမျိုးသမီးက အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာမှာပဲ သေသွားတာ “ဟု ၎င်းကပြောသည်။

ဦးကြယ်ဖြူက စစ်တပ်မှထွက်ပြီး ကျောက်နီမော်ရွာသူနှင့် အိမ်ထောင်ကျကာ အာဏာသိမ်းပြီးနောက်ပိုင်း ပျူစောထီး(ခေါ်)ပြည်သူစစ်အဖွဲ့ထဲ ဝင်ရောက်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဦကြယ်ဖြူက စစ်တပ်ထွက်။ ခုမီးရှို့ခံရတဲ့အိမ်ကလည်း အိမ်ငယ်လေး သိပ်မပြည့်စုံဘူးဆိုတော့ လင်မယားစားဝတ်နေရေးအတွက် ပြည်သူ့စစ်ဝင်လုပ်တာ၊ ခုကပြည်သူ့စစ်လုပ်လို့ ပစ်သတ်ခံရတာပေါ့”ဟု ၎င်းကပြောသည်။

ပစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ရာ ကျောက်နီမော်ရွာ စီမံကိန်းဟောင်း ဧရိယာအနီး တောင်ပေါ်တွင် မီးစွဲလောင်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။