BREAKING
December 22, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 23, 2024

[အခန်း ၁၀]

“ဖထီး…ဘာတွေလုပ်နေတာလဲ”

မောင်ရိန်က အလန့်တကြားဖြင့် မေးလိုက်၏။

ထိုအချိန်တွင် အနောက်ဘက်မှ ရိုင်ဖယ်သေနတ်၊ ဓားရှည်များ ကိုင်ထားသည့် လူတစ်စုထွက်လာသည်။

“ရဲဘော်သူရိန်….ဘေးမသီရန်မခဘဲ အခုလို ပြန်တွေ့ရတာ..ဝမ်းသာသဗျာ”

မောင်ရိန်ကို နှုတ်ဆက်လိုက်သူက ထားဝယ်ခရိုင် စစ်ရေးဒုတိယတာဝန်ခံ ကိုတင်ထွန်း။

တပ်နီလူငယ်များက ကြည်ကြည့်ကို ဝန်းရံလိုက်ကြသည်။

“ကဲ..မဘီတို့..သူ့ကို ကြိုးတုတ်လိုက်ကြပါ”

စတင်းဂန်းကို လွယ်ထားသည့် အမျိုးသမီးရဲဘော်နှစ်ဦး ထွက်လာပြီး ကြည်ကြည်၏ လက်ကို ကြိုးတုပ်လိုက်ကြ၏။

“ဘာတွေဖြစ်နေကြတာတုန်းဗျ..သူက ရဲဘော် မရီရီရဲ့ ညီမပါ..သူ့တူမကို လာရှာတာပါဗျာ..ကျွန်တော်အာမခံပါတယ်…ဒီအတိုင်းလည်း စခန်းကို သူလိုက်မှာပါ”

ကိုတင်ထွန်းက မောင်ရိန်၏ ပုခုံးကို ဖက်လိုက်၏။

“ရဲဘော်က . . . ဖထီးတဲမှာပဲ ပိတ်မိနေသော သတင်းတွေအဆက်ပြတ်သွားတယ်ထင်တယ် . . . ဒီမိန်းမက စစ်တပ်က ဗိုလ်ကြီးရာထူးရှိတဲ့ . . . သူလျှိုမပဲ . . . အခု စစ်ကြောင်းတွေက သူပျောက်သွားလို့ လိုက်ရှာနေကြတာ . . . သူ့ကို လက်ခံစကားပြောခဲ့တဲ့ . . . ဝင်းဝက ကိုမောင်ကျောက်လည်း သေပြီ . . . ပြီးတော့ ခင်ဗျားနဲ့ UG တွဲလုပ်နေတဲ့ သီလရှင်ဒေါ်သုဝတီလည်း သေပြီ . . . စစ်တပ်က သူတို့ကို သတ်ပြီ သူ့ကျောင်းကိုပါ မီးရှို့ခဲ့တယ်”

“ဟာ”

မောင်ရိန်က ကြည်ကြည်ဘက်သို့ ကြည့်လိုက်၏။

“ဟုတ်ပါတယ် . . . ကျွန်မ မြန်မာ့တပ်မတော်က ‌ဗိုလ်ကြည်ကြည်ဆွေပါ . . . ဒါပေမယ့်
. . . ကျွန်မ သူလျှိုမဟုတ်ဘူး”

“ခင်ဗျား . . . ဗျာ . . . ခင်ဗျားကြောင့် . . . သေတဲ့သူတွေသေကုန်ကြပြီ . . . တောက်”

မောင်ရိန် အသံက တုန်ရီနေ၏။

“ကဲ . . . ရဲဘော်မောင်ရိန် . . . အခုသူ့ကို လောင်းလုံ မော် ၁ စခန်းအထိ အဆင့်ဆင့်ပို့ရမယ်လို့ . . . ဗဟိုက ကြေးနန်းဝင်လာတယ် . . . လိုအပ်ရင် စစ်ဆေးမှုတွေလုပ်ဖို့ ပဲခူးရိုးမ ပါတီပေါ်လစ်ဗျူရို ကိုယ်တိုင် ဆင်းလာမယ်လို့လည်းကြားတယ် . . . လောလောဆယ်တော့ ဗိုလ်မှူးကျော်တင့်တို့ရှိတဲ့ စော်ဖျားက စခန်းကို ခေါ်သွားရမယ် . . . သက်သေခံဖြစ်တဲ့ သူ့ဆိုင်ကယ်ကို ခင်ဗျား မောင်းခဲ့လို့ရမလား”

“ရပါတယ်”

မောင်ရိန်က တဲနဘေးတွင် ရပ်ထားသော ဆိုင်ကယ်ဆီသို့ လျှောက်သွား၏။

“မောင်ရိန် . . . ရှင့်ခြေထောက် ဒဏ်ရာနဲ့က……….”

ကြည်ကြည် က လှမ်းပြောလိုက်သည်။

“ခင်ဗျား . . . ကျုပ်အတွက် ဘာမှ စိတ်ပူစရာမလိုဘူး . . . စစ်ဗိုလ်မ”

မောင်ရိန်က ကြည်ကြည့်ကို ကျောခိုင်းသွား၏။

……………………………………………..

စော်ဖျားစခန်းသည် စော်ဖျားရွာအထက်ဘက် တောတွင်းတွင် တည်ရှိသည်။

ကိုတင်ထွန်းဦးဆောင်သော တပ်စု သည် ဝင်းဝရွာနှင့် မိုင်နှစ်ဆယ်မျှသာဝေးသော်လည်း တောလမ်းခရီးဖြစ်သည့်အပြင် သုံ့ပန်းလည်းပါသည်မို့ ခြေလျင် နှစ်ရက်ခန့် လမ်းလျှောက်ရ၏။

စော်ဖျားစခန်းသည် ထားဝယ်ခရိုင်ကွန်မြူနစ်ပါတီ၏ ရွေ့လျားစခန်းငယ်တစ်ခုဖြစ်သော်လည်း လူအင်အား ၁၀၀ ခန့်ရှိနေသည်။

ပြောက်ကျားစစ်အဖြစ် ပြန့်ကျဲနေရာမှ စစ်ကြောင်းထိုးမှုကြောင့် လာရောက်စုဝေးနေကြခြင်းလည်း ဖြစ်၏။

လီနင်၊ စတာလင်၊ မော်စီတုန်းနှင့် သခင်သန်းထွန်းတို့ ပုံတူကို အဝတ်စများပေါ်တွင်ဆွဲထားပြီး စခန်းပတ်လည် ချိတ်ဆွဲထားကြသည်။

စစ်တပ်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းမှ ခရီးရှည်ဆုတ်ခွာလာရမှုများကြောင့် အချို့ပါတီဝင်များ၊ အမျိုးသမီးသမဂ္ဂဝင်များမှာ အစာရေစာငတ်ပြတ်ခြင်း၊ တောထဲ ရှိသည့် အစားအသောက်များသာ စားခဲ့ရသဖြင့် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောရောဂါများလည်း ဖြစ်ပွားနေကြ၏။

တဲကြီးတစ်လုံးကို ယာယီဆေးရုံပုံစံပြုလုပ်ကာ ထိုသူများအား ထားရှိရသည်။

ကျန်းမာကြသည့် ပါတီလူငယ်အချို့ကတော့ မောင်ရိန် စီးလာသည့် ကြည်ကြည်၏ BSA မော်တော်ဆိုင်ကယ်ကို ဝိုင်းအုံကြည့်ကာ စူးစမ်းနေကြ၏။

ခပ်လှမ်းလှမ်း ဝါးခုံတန်းပေါ်တွင် မောင်ရိန် က ထိုင်နေသည်။

ကိုတင်ထွန်းတို့ တပ်စုဝင်လာသည်နှင့် စခန်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ဆိုင်ကယ်ကို ဝိုင်းအုံကြည့်နေသော ပါတီလူငယ်များမှာလည်း ကိုတင်ထွန်းတို့ထံ ဝိုင်းရံရောက်ရှိသွားပြန်သည်။

“ဟာ စစ်ဗိုလ်မက ချောတာပဲဟ”

“စပိုင်မတဲ့ဟေ့ . . . ရုပ်ကတော့ မခေဘူး”

တစ်ယောက်တစ်ပေါက်အသံများ။

“ဟေ့ . . . ရဲဘော်တွေ . . . သူဟာသူ ရန်သူဘက်တော်သားဖြစ်ဖြစ် ဘာဖြစ်ဖြစ် . . . မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာကို မင်းတို့ လေးစားရမယ် . . . ဒီလိုမလုပ်ရဘူး . . . မင်းတို့ ပြည်သူ့တပ်မတော်သားတွေ မဟုတ်ဘူးလား”

မသွန်းစီ၏ အသံကြောင့် လူငယ်ရဲဘော်များ၏ တစ်ယောက်တစ်ပေါက်အသံများ ပိတ်သွား၏။

“တရားခံကို ဗိုလ်မှူးကျော်တင့်ဆီခေါ်သွားကြ . . . ဟိုမှာ ဗိုလ်မှူးစောင့်နေတယ်”

“ကျွန်မ လမ်းလျှောက်လာရတာ ခရီးအဝေးကြီးမို့ . . . ခဏနားပါစေဦးလား . . . ရေလေးဘာလေးသောက်ပါရစေဦး”

လူအုပ်ကြီးကြားထဲ ခပ်ထန်ထန်ပြောလိုက်သော ကြည်ကြည့်အသံကို မောင်ရိန် ကြားလိုက်ရသည်။

“အင်း . . . ဒီအမျိုးသမီးကတော့..”

……………………………………………..

“ကျွန်မ စစ်ဗိုလ်ဆိုတာ မှန်တယ် . . . ဒါပေမယ့် . . . ကျွန်မ ဒီကိုလာတာ တရားဝင်ခွင့်တင်ပြီးလာခဲ့တာ . . . ကျွန်မတူမလေး မိုးကြည် ကို ရှာဖို့လာခဲ့တာ . . . ကျွန်မ သူလျှိုမဟုတ်ဘူး”

ဗိုလ်မှူးကျော်တင့် က ကြည်ကြည်၏ မျက်လုံးများကိုသာ စူးစိုက်ကြည့်နေသည်။

နံဘေးတွင် ခရိုင်ပါတီကေဒါလည်းဖြစ် စခန်းတာဝန်ခံလည်းဖြစ်သူ သခင်ဗစီ၊ ဗိုလ်မှူးကျော်တင့်၏ဇနီး ထားဝယ်အမျိုးသမီးသမဂ္ဂခေါင်းဆောင်ဒေါ်တင်စိန်တို့ လည်း ထိုင်နေကြ၏။

“ဒေါ်ကြည်ကြည်ဆွေ . . . ခင်ဗျားဟာ အရင်းရှင်နယ်ချဲ့ဝါဒ အမေရိကန်က စစ်သင်တန်းဆင်းလာတယ်ဆိုတာရော ဟုတ်ပါသလား”

“အရင်းရှင်တွေ၊ နယ်ချဲ့တွေတော့ ကျွန်မ မသိဘူး . . . ကျွန်မ အမေရိကန်နိုင်ငံ၊ အလာဘားမား အမေရိကန်အမျိုးသမီးအခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁၄)ကို တက်ရောက်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် . . . အဲ့ဒီကနေ မြန်မာပြည်ပြန်‌ရောက်ချိန်မှာ ကျွန်မ အစ်မ မရီရီ ဒီဒေသမှာ ကျဆုံးသွားခဲ့တဲ့သတင်းကို ကြားရပါတယ်။ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ ကျွန်မတူမလေး မိုးကြည်ကို ဒီတောထဲကနေ ပြန်ခေါ်ပြီး ကြီးပြင်းသည် အထိ စောင့်ရှောက်ပေးဖို့ . . . ကျွန်မ ဒီကို လာခဲ့ရတာပါပဲ။ ထပ်ပြောပါ့မယ် . . . ကျွန်မ သူလျှိုမဟုတ်ပါဘူး”

“အမေရိကန်ဟာ ကျုပ်တို့ ပစ္စည်းမဲ့တော်လှန်ရေးရဲ့ ရန်သူနိုင်ငံကြီးဖြစ်တယ် . . . ခင်ဗျားက အဲ့ဒီနိုင်ငံက သင်တန်းဆင်းလာတယ်ဆိုတော့ . . . ဖဆပလအရင်းရှင်အစိုးရရဲ့ စစ်တပ်က မဟုတ်တောင် . . . အမေရိကန် ထောက်လှမ်းရေးက သူလျှိုဖြစ်နိုင်တယ်လို့ . . . ကျုပ်တို့ရဲ့ ဗဟိုပေါ်လစ်ဗျူရိုက သံသယရှိနေတယ်”

“ဟုတ်ကဲ့ . . . ဒါကလည်း ဖြစ်သင့်ပါတယ် . . . စစ်ဆေးမှုကို ကျွန်မခံယူဖို့လည်း အသင့်ပါပဲ . . . သေချာတာကတော့ ကျွန်မ ဒီနေ့ ဒီနေရာအထိ ရောက်လာတာဟာ စစ်ရေးရည်ရွယ်ချက်၊ နိုင်ငံရေးရည်ရွယ်ချက်တစ်ခုမှ မပါဘူးဆိုတာပါပဲ”

“မင်းကို ငါတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်စစ်ဆေးကြမှာမို့လို့ . . . အခုလောလောဆယ်တော့ အကျဉ်းသားအဖြစ် ထားပါတယ် . . . ဒါပေမယ့် ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ အာဇာနည်ဖြစ်တဲ့ ရဲဘော်မရီရီရဲ့ နှမအရင်းဖြစ်လို့ ငါတို့အနေနဲ့ သက်ညှာရမယ့်ကိစ္စမှန်သမျှ သက်ညှာပေးပါမယ် . . . .မင်းရဲ့ တူမဖြစ်တဲ့ ရဲဘော်မိုးကြည်ကလည်း ဒီစခန်းမှာ ရှိနေတယ်”

“ရှင်”

ဗိုလ်မှူးကျော်တင့် စကားကြောင့် ကြည်ကြည် မှာ ရုတ်တရက် အာမေဋိသံပါထွက်သွား၏။

“ရဲဘော် မိုးကြည်”

တဲရှေ့တွင် ဝိုင်းအုံကြည့်နေသော လူအုပ်ထဲမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးထွက်လာသည်။

မိန်းကလေး၏ ညာဘက်လက်ကြားတွင် ချိုင်းထောက်နှင့်။

“အဲ့ဒါ . . . မင်းတူမ မိုးကြည်ပဲ”

“ရှင်”

ကြည်ကြည် ဒုတိယအကြိမ် အာမေဋိတ်သံထွက်သွားပြန်၏။

“သံခွချောင်းဖျားတိုက်ပွဲမှာ ရဲဘော်မိုးကြည်ဟာ ကလေးသုံးယောက်ကို ဦးဆောင်ပြီး တောထဲ ပုန်းအောင်းနေခဲ့တယ်။ ဒါပေမယ့် . . . ဖက်ဆစ်စစ်တပ်က ကျွံထွက်လာတဲ့ စစ်သားတစ်ယောက်ဟာ မိုးကြည်ကို သေနတ်နဲ့ပစ်ခဲ့တယ်။ ကံကောင်းလို့ ခြေသလုံးကိုပဲ မှန်ခဲ့ပေမယ့် . . . သူ့ခြေထောက်က ပုံမှန်လို လမ်းမလျှောက်နိုင်တော့ဘူး . . . အဲ့ဒီစစ်သားကိုတော့ ဟော့ဒီက အမျိုးသမီးသမဂ္ဂခေါင်းဆောင် မသွန်းစီက ပဲ သုတ်သင်နိုင်ခဲ့တယ် . . . ပြီးတော့ မိုးကြည်နဲ့ကလေးသုံးယောက်ကို ကယ်ထုတ်လာနိုင်ခဲ့တယ်”

မိုးကြည်က ကြည်ကြည့်ကို သေချာစိုက်ကြည့်နေသည်။

မိုးကြည်မျက်လုံးထဲမှ နာကျင်မှုအရိပ်အယောင်များကို ကြည်ကြည် မြင်လိုက်ရ၏။

“သမီး . . . မိုးကြည် . . . အန်တီက သမီးအဒေါ်ပါ . . . သမီးအမေ မရီရီရဲ့ ညီမ . . . သမီးလေးအဒေါ် ကြည်ကြည်ပါ”

“မဟုတ်ပါဘူး . . . ရှင်က ရန်သူပဲ . . . ရန်သူ့စစ်တပ်က စစ်ဗိုလ်မပဲ . . . ရှင်က ကျွန်မသူငယ်ချင်းတွေကို သတ်ခဲ့တဲ့ . . . ကျွန်မအမေကို သတ်ခဲ့တဲ့ . . . စစ်တပ်က လူပဲ . . . ရှင်က ကျွန်မ အဒေါ်မဟုတ်ဘူး”

မိုးကြည်က ကြည်ကြည့်မျက်နှာကို မုန်းတီးနာကြည်းစွာဖြင့် ကြည်ရင်း ပြန်လှည့်ထွက်သွားသည်။

“မိုးကြည် . . . သမီးလေး . . . သမီး”

ကြည်ကြည်က မိုးကြည်လက်ကို လှမ်းဆွဲရန် ပြင်လိုက်၏။

“တော်ပါတော့ . . . မကြည်ကြည်”

သူတို့နှစ်ယောက်ကြားတွင် မောင်ရိန် က ဝင်ရပ်လိုက်သည်။

“ခင်ဗျား မြင်တဲ့အတိုင်းပဲ . . . ဒီက ကလေးတွေဟာ ခင်ဗျားတို့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခန္ဓာကိုယ်ရော၊ စိတ်ပါ ထိခိုက်ခံစားခဲ့ရတဲ့သူတွေချည်းပါပဲ . . . သူတို့လေးတွေဟာ ခင်ဗျားတို့ စစ်တပ်ကို မုန်းတီးစိတ်ရော၊ ကြောက်ရွံ့စိတ်ပါ တစ်ပြိုင်နက် ကိန်းအောင်းနေကြရှာတာပါ . . . ခင်ဗျား အခုချိန်မှာ သူ့ကို ဘာမှ ထပ်မပြောတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

ပါတီလူငယ်များ၊ အမျိုးသမီးများ၏ မျက်လုံးများအားလုံးက ကြည်ကြည့်ထံတွင်။

ကြည်ကြည်က ခြေထောက်ထော့ကျိုးဖြင့် သူမအား ကျောခိုင်းသွားသည့် တူမဖြစ်သူကို ကြည့်ရင်း . . . နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

“ကဲ . . . သူ့ကို ယာယီအချုပ်ခန်းထဲ ထည့်ဖို့ပြင် . . . မတင်စိန် တို့ အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်တွေကပဲ သူလိုအပ်တာ စီစဉ်ပေးပြီး အလှည့်ကျ သူ့ကို စောင့်ရှောက်လိုက်ပါ”

ဗိုလ်မှူးကျော်တင့်က အမိန့်ပေးလိုက်၏။

အမျိုးသမီးငယ်တစ်ဦးက ကြည်ကြည်နားသို့ ကပ်လိုက်သည်။

“ကျွန်မနာမည် မဟို ပါ။ ကျွန်မတို့နဲ့ လိုက်ခဲ့ပါ”

မဟို နှင့် အမျိုးသမီးနှစ်ဦးက ကြည်ကြည်အား ယာယီအချုပ်ခန်းရှိရာသို့ ဦးဆောင်ခေါ်သွားကြ၏။

……………………………………………..

“မကြည်ကြည်..ခြင်ကိုက်နေပြီလား . . . ကျွန်မတို့ မီးဖိုပေးပါ့မယ်”

မိန်းမဆောင်တဲနှင့်ကပ်လျက် ယာယီအချုပ်ခန်းအတွင်းမှ ကြည်ကြည်ကို မဟို က ပြောလိုက်သည်။

ကြည်ကြည်စားရန် ထမင်းနှင့် မျှစ်ပြုတ်ကိုလည်း ဝါးကျည်တောက်ခွက်ဖြင့် လာပေး၏။

ဆာလောင်နေပြီဖြစ်သဖြင့် ကြည်ကြည်လည်း ထမင်းကို အားရပါးရစားလိုက်သည်။

ထို့နောက် အချုပ်ခန်းတွင်း ထိုင်နေ၏။

“မကြည်ကြည်က . . . အစ်မကြီးရီရီ နဲ့ ရုပ်ချင်းတော့ အတော်လေးကို ဆင်တာပဲ . . . အင်း . . . အစ်မကြီးရီရီကိုတောင် ကျွန်မ သတိရမိသွားသေးတယ် . . . သိပ်ထက်မြက်တဲ့ အစ်မကြီး . . . သူကျဆုံးသွားတော့ ကျွန်မတို့မှာ နှမြောလိုက်ရတာ”

မဟို က ဝါးများဖြင့်ပြုလုပ်ထားသည့် ယာယီအချုပ်ခန်းအပြင်ဘက်တွင် ထင်းမီးထိုးနေရင်းမှ ပြောလိုက်သည်။

“ဒီက ညီမက . . . မရီရီ အကြောင်းတွေ အတော်သိလို့လား”

“သိတာပေါ့ . . . ရေးလမ်းက ထားဝယ်ကွန်မြူနစ်ပါတီရုံးမှာ အင်္ဂလိပ်စာသင်တန်းဖွင့်တော့လည်း အစ်မကြီးရီရီတို့ပဲ ဦးဆောင်ခဲ့တာ . . . နောက် ထားဝယ်အထွေထွေထောက်ပံ့‌ရေးသပိတ်တို့၊ ၄၇ ခုနှစ်ရွေကောက်ပွဲတုန်းက နှင်းရုပ်ရှင်ရုံရှေ့ ပါတီမဲဆွယ်ပွဲမှာ အစ်မကြီးရီရီတို့ဟာ ကျွန်မတို့ အားကျခဲ့ရတဲ့ အမျိုးသမီးခေါင်းဆောင်တွေပေါ့”

“ဪ”

“ဒါနဲ့များ . . . မကြည်ကြည်က ဘာဖြစ်လို့ . . . အစ်မကြီးရီရီကို သတ်တဲ့ စစ်တပ်ထဲ ရောက်သွားရတာလဲ”

ကြည်ကြည့်တွင် ရုတ်တရက် ဖြေစရာမရှိ။

“ကျွန်မတို့ မိဘတွေက စစ်မဖြစ်ခင်ကတည်းက ကွဲသွားခဲ့ကြတာလေ . . . ကျွန်မက ရန်ကုန်မှာ အဖေနဲ့ ကျန်ရစ်ခဲ့တာ”

“ဘာပဲဖြစ်ဖြစ်ပါ . . . ရန်သူဘက်က ဆိုပေမယ့်လည်း . . . ကျွန်မတို့ လေးစားရတဲ့ အစ်မကြီးရီရီရဲ့ ညီမ ဖြစ်တဲ့အတွက် ကျွန်မတို့ အတတ်နိုင်ဆုံးတော့ စောင့်ရှောက်ပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

“ပြီးတော့ . . . မိုးကြည်လေး . . . မကြည်ကြည်ရဲ့ တူမ မိုးကြည်လေး . . . သူက သိပ်သနားဖို့ကောင်းတယ် . . . သူ့အမေ လည်း ရန်သူက သတ်တာခံရသလို . . . သူ့သူငယ်ချင်းတွေလည်း သူ့ရှေ့မှာသေခဲ့ကြရတယ် . . . သူကိုယ်တိုင်လည်း ရန်သူကျည်ကြောင့် ခြေထောက်ထိသွားရတော့ . . . စစ်တပ်ဆို သိပ်မုန်းနေရှာတာ”

ကြည်ကြည် ဘာမှ ခွန်းတုံ့မပြန်နိုင်။

တလှပ်လှပ်လောင်နေပြီဖြစ်သည့် မီးပုံကိုသာ ငေးကြည့်နေ၏။

“ဪ . . . ကိုကြီးသူရိန်”

“မဟို . . . ကျွန်တော် . . . သူနဲ့ စကားပြောစရာရှိလို့ . . . ခဏ”

မဟိုက ခေါင်းညိတ်ကာ ထသွားသည်။

မောင်ရိန်က လက်ထဲမှ စတင်းဂန်းကို ဘေးတွင် ချထားလိုက်၏။

ထို့နောက် ကြည်ကြည့်ရှေ့တည့်တည့်တွင် ထိုင်လိုက်သည်။

မောင်ရိန် နှင့် ကြည်ကြည်တို့ မျက်လုံးချင်းဆုံကာ အကြာကြီးကြည့်နေကြ၏။

“ရော့ . . . ဒီမှာ ဆတ်သားဖုတ် . . . ခင်ဗျား ထမင်းစားရတာ အဆင်ပြေမယ်မထင်လို့ . . . ဒါလေး လာပေးတာ”

မောင်ရိန်က သူ့လက်ထဲမှ ဆတ်သားခြောက်သုံးလေးခုကို ကမ်းပေးလိုက်သည်။

“ကျွန်မ ခုနပဲ မျှစ်နဲ့ ထမင်းစားပြီးပါပြီ”

“စားပြီးလည်း . . . နောက်နေ့တွေ စားဖို့သိမ်းထားဗျာ . . . စခန်းမှာ ရိက္ခာက တဖြည်းဖြည်းရှားလာနေပြီ”

မောင်ရိန်က ပြန်လှည့်ထွက်သွား၏။

“ဒီမှာ”

မောင်ရိန် ပြန်လှည့်ကြည့်သည်။

“ကျွန်မ ရှင့်ကို တောင်းပန်ပါတယ် . . . ကျွန်မ ရှင့်ကို လိမ်ခဲ့မိသလိုဖြစ်သွားတယ်”

“ရပါတယ်”

“ဟို . . . ဒီဆတ်သားခြောက်အတွက်လည်း..ကျေးဇူးတင်ပါတယ်”

“ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး . . . အဲဒါတွေက ခင်ဗျား တူမ မိုးကြည် ပေးခိုင်းလိုက်တာ”

မောင်ရိန်က အမှောင်ထဲတွင် ဝင်ရောက်ပျောက်ကွယ်သွား၏။

ကြည်ကြည်က သူမလက်ထဲမှ ဆတ်သားခြောက်များကို ကြည့်ကာ . . . ဝေ့ဝဲသောမျက်လုံးများဖြင့် ပြုံး၍ကျန်ရစ်သည်။

ခက်ဇော်

အခန်း ၁၁ ကိုဆက်လက်ဖတ်ရှုရန် >>>