BREAKING
September 7, 2024

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

July 23, 2024

Photo - ဒေသခံတစ်ဦး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုပစ်ခတ်မှုအတွင်း သိမ်ဇရပ်နယ်မြေရဲစခန်းအနီး ရွာလေးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီးတွင် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဦးကိုလေး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးကိုလေး၏ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့်အိမ်နီးနားချင်း ဒေါ်ရင်ဝေလွင်တို့နှစ်ဦးလည် ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

“ဘယ်ကနေ ပစ်လာမှန်းမသိတဲ့ လက်နက်ကြီးတစ်လုံးက ဦးကိုလေးအိမ်နားမှာ ကျသွားတယ်။ လက်နက်ကြီးထိပြီး ဦးကိုလေးကတော့ ဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ တခြားအမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာတွေရသွားကြတယ်” ဟု သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောသည်။

ကျည်စထိမှန်ဒဏ်ရာရသည့် အမျိုးသမီးနှစ်ဦးသည် သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သည့် ဒေါ်ကြည်ကြည်ဝင်းမှာ စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက် ညကလည်း သိမ်ဇရပ်အခြေစိုက် အမြှောက်တပ် ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် သိမ်ဇရပ်မြို့၊ ရွာလေးပိုင်းရှိ သစ်စက်ရုံတစ်ခုက အလုပ်သမားနှစ်ဦး ဒဏ်ရာများရရှိခဲ့သေးသည်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်များအပါအဝင် ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလည်း လူနေကျေးရွာများထဲကို မကြာခဏပစ်ခတ်လေ့ရှိသဖြင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ဒေသခံတို့က ပြောသည်။

လဂွန်အိမ်စာစဉ်က ထုတ်ပြန်သည့်အချက်အလက်များအရ ဇွန်လအတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အပါအဝင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။