BREAKING
September 8, 2024

လားရှိုးတွင် ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချ

July 23, 2024

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် လက်နက်ချကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

လားရှိုးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦးသည် ဇူလိုင်လ ၂၁ ရက် နံနက်တွင် လက်နက်ချခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီကို ပြန်တိုက်ရန် ကိုးကန့်တပ်တွင် ပါဝင်လိုသည်ဟုဆိုကာ လက်နက်ချလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့ကိုMNDAA နိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်ခံခဲ့ကြောင်း ဆိုသည်။

လက်နက်ချသူများ၏ လုံခြုံရေးကို အာမခံပြီး ထုတ်ပြန်ထားသည့် ဆုကြေးမူဝါဒ ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချချိန်တွင် ကိုးကန့်တပ် ရှေ့တန်းလုပ်ငန်းအဖွဲ့နှင့် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ စစ်ကျောင်းတစ်ကျောင်းတွင် လက်နက်ခဲယမ်း အများပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MNDAA က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချလျှင် ရာထူးအဆင့်၊ စစ်လက်နက်ပစ္စည်း ယူဆောင်လာမှု အပေါ်မူတည်ကာ ဆုကြေး ကျပ် ၁၀သိန်းမှ ကျပ်သိန်း တစ်သောင်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်က ကြေညာထားသည်။