BREAKING
September 7, 2024

စစ်ခေါင်းဆောင် ခေါင်းပေါင်းစွပ်တာ ဘောင်းဘီချွတ်ဖို့လား

July 23, 2024

ယာယီသမ္မတအဖြစ် စစ်ခေါင်းဆောင်က လက်လွှဲတာဝန်ယူလိုက်တာဟာ သူဆော့ခဲ့တဲ့ ကစကားကွက်တွေထဲမှာ အရှုပ်ထွေးဆုံး အရွေ့တစ်ခုအဖြစ် မြင်နေရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နဲ့ သမ္မတာဝန်ကို နှစ်ခုတွဲပြီး ယူလို့ရသလားဆိုတဲ့ မေးခွန်းကတော့ စိတ်ဝင်စားဖွယ်အကောင်းဆုံးပါပဲ။ တစ်ဆက်တည်း တွဲပြီးစဉ်းစားစရာက ကာကွယ်ရေးဦးစီးချုပ်ရာထူး ကနေ နားတော့မလို့လားဆိုတာပါပဲ။

အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ အခုအခင်းအကျင်းကြောင်းကို မသွားခင်မှာ ယာယီသမ္မတ ဖြစ်ပေါ်လာပုံအကြောင်း ခြေဆင်းဝင်ပါဦးမယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကြိုးဆွဲရာကို ကဖို့ ယာယီသမ္မတအဖြစ် အတင်းအဓမ္မထိုးတင်ခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ကျန်းမာအရေးအခြေအနေဆိုးရွားနေတာကြောင့် ဆေးခွင့်ယူထားတယ်လို့ ကြေညာအပြီး လေးရက်အကြာမှာပဲ စစ်ကောင်စီဥက္ကဋ္ဌကို တာဝန်တွေ လွှဲအပ်တယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုလွှဲပြောင်းရတဲ့အကြောင်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ဖို့လို့လည်း ဆိုပါတယ်။ အခုဇူလိုင်လကုန်မှာ စစ်ကောင်စီရဲ့ သက်တမ်းကို ဆွဲဆွဲဆန့်နေတဲ့ ခြောက်လသက်တမ်းလည်း ကုန်ဆုံးပါတော့မယ်။ ဒီလိုကုန်ဆုံးတဲ့အခါ ကာ/လုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပရပါလိမ့်မယ်။

၂၀၀၈ အခြေခံဥပဒေအရ ကာ/လုံမှာ အဖွဲ့ဝင် ၁၁ ဦးရှိပါတယ်။ သမ္မတနဲ့ ဒုတိယသမ္မတတွေအပါအဝင် သုံးယောက်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ဖြစ်ကြပါတယ်။ အဲဒီကောင်စီကို သမ္မတက ဦးဆောင်ရပါတယ်။ အာဏာသိမ်းပြီးကတည်းကတော့ အဖွဲ့ဝင်တွေ မစုံမလင်နဲ့ပဲ ကျင်းပနေခဲ့တာပါ။

ယာယီသမ္မတက ဆေးခွင့်ယူထားတဲ့အခါ သမ္မတမပါဘဲ ကာ/လုံအစည်းအဝေးကျင်းပရင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေမှာ အသေအချာပါပဲ။ ဒီတော့လည်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတတာဝန်တွေကို လွှဲအပ်တယ်ဆိုပြီး ဇာတ်လမ်းခင်းရတယ်လို့ အကြမ်းဖျင်း သဘောပေါက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပြယုဂ်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ နောက်ကွယ်က တကယ့်ဇာတ်လမ်းကတော့ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခံယူဖို့ ဦးမြင့်ဆွေကို အနားယူခိုင်းလိုက်တာလို့လည်း ယူဆစရာတွေရှိနေပါတယ်။

အခုဖြစ်ရပ်တွေ မပေါ်ပေါက်ခင်ကတည်းက အရိပ်နဲ့ နိမိတ်လက္ခဏာတွေက ရှေ့က ပြေးနေနှင့်ပြီးသားပါ။ အငြိမ်းစားသမ္မတ ဦးသိန်းစိန်ကို တရုတ်အစိုးရက နိုင်ငံတော်အဆင့် အခမ်းအနားအတွက် ဖိတ်ကြားခဲ့တာက အထင်ရှားဆုံး သာဓကပါပဲ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လူလဲကစားဖို့ အဲဒီခရီးစဉ်မှာ ဦးသိန်းစိန်ကတစ်ဆင့် တရုတ်ဘက်က သတင်းစကားပါးခဲ့ပါတယ်။

အဲဒါရဲ့နောက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေမကောင်းလှတာနဲ့ပတ်သက်ပြီး အသေးစိတ်တွေကအစ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အရင်က ဒီလိုမျိုး ထိပ်ပိုင်းပုဂ္ဂိလ်တွေနဲ့ပတ်သက်ရင် ယေဘုယျသလောက်သာ ထုတ်ပြောခဲ့တာပါ။ ဥပမာ ကျန်းမာရေးအရ အနားယူသွားသည်၊ အနားပေးလိုက်သည် စသဖြင့်ပေါ့။ ဒုတိယသမ္မတတစ်ဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူကို ဧပြီလတုန်းက အနားပေးလိုက်တာမှာလည်း အဲဒီလိုပဲ ဖော်ပြပါတယ်။ ဦးမြင့်ဆွေကိစ္စမှာတော့ အာရုံကြောတွေ တုံ့ဆိုင်းနှေးကွေး အားနည်းတာ၊ မျက်စိမှာ တိမ်ဖြစ်နေတာ၊ နေ့စဉ်လှုပ်ရှားသွားလာမှုတောင် မလုပ်နိုင်တာ၊ အစာမစားနိုင်တာ စတာတွေအပြင် ဘယ်နေ့ဘယ်ရက်က ဘယ်ဆေးရုံမှာ ကုသတာ၊ ဘယ်သူတွေက အထူးကြပ်မတ်ပေးတာ စတာတွေအထိ ထည့်သွင်းဖော်ပြခဲ့တာပါ။ ဒါဟာ တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီး လူတွေကို တင်ကြိုအရိပ်ပြလိုက်တာပါပဲ။

အခုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ချိတ်ဆက်ပါတော့မယ်။

စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အာဏာသိမ်းမှုကို တရားဝင်ဖြစ်သယောင် ပုံဖော်နိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ဂါထာမန္တန်လို တဖွဖွရွတ်ပြတတ်ပါတယ်။ နိုင်ငံတော်အာဏာကို မတရားဖြင့် ရယူဖို့ ကြိုးစားလာတာကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာရပြီး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူရတာပါလို့ တောက်လျှောက်ပဲ ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောတာတွေကို မယုံတဲ့သူ၊ လက်မခံဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးနှိပ်ကွပ်၊ အိမ်တွေကို မီးရှို့လိုက်၊ လူတွေကို အစုလိုက်အပြုံလိုက် သတ်ပြလိုက်နဲ့ တစ်နိုင်ငံလုံးကို ဒုက္ခတွင်းထဲကို တွန်းပို့ခဲ့ပါတယ်။

ဒါပေမဲ့ သူမပြောခဲ့တာက သမ္မတ ဦးဝင်းမြင့်ကို ဘယ်ပုဒ်မနဲ့အညီ အရေးယူအရာချခဲ့တယ်ဆိုတာနဲ့ ဒုတိယသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေဟာ ဘယ်လိုကနေ ဘယ်လို ယာယီသမ္မတ ဖြစ်လာခဲ့တာလဲဆိုတာကိုပါပဲ။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာဖို့မှာ သမ္မတကပဲ ကြေညာရတာပါ။

သမ္မတတစ်ယောက်ကို တစ်စုံတစ်ရာအရေးယူချင်တယ်ဆိုရင်လည်း ၂၀၀၈ အခြေခံဥပဒေအရ လုပ်ရမယ့်အဆင့်တွေ ကြီးကြီးမားမား ရှိနေပါတယ်။ အရင်ဆုံး လွှတ်တော်တစ်ခုခု(အမျိုးသား သို့မဟုတ် ပြည်သူ့လွှတ်တော်)ရဲ့ ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်အကြီးအမှူးဆီကို တင်ပြရပါမယ်။ အဲဒီတင်ပြမှုကို ကိုယ်စားလှယ်သုံးပုံတစ်ပုံက ထောက်ခံဖို့လိုပါမယ်။ ပြီးရင် တခြားလွှတ်တော်က စုံစမ်းစစ်ဆေးရပါမယ်။ နောက်ထပ်လည်း အဆင့်တွေကျန်ပါသေးတယ်။ ဒါတွေဟာ အခြေခံဥပဒေ ပုဒ်မ ၇၁ မှာ ဖော်ပြထားတာပါ။ ဒါမျိုးတွေ မရှိဘဲ ဦးဝင်းမြင့်ဟာ ရာထူးကနေ ချခံရပြီး ထောင်ထဲကို ရောက်သွားခဲ့ရတာပါ။

တစ်ခါ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၊ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းတာနဲ့ပတ်သက်ရင်လည်း ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရမှာဖြစ်ပါတယ်။ လွှတ်တော်ကျင်းပနေတဲ့ အချိန်မဟုတ်ရင် အရေးပေါ်အစည်းအဝေးကို ခေါ်ယူစေပြီး အစီရင်ခံရမှာပါ။ ဒါပေမဲ့ အဲဒီလိုမျိုး မရှိခဲ့တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ တချို့လည်း ထွက်ပြေးခဲ့ကြရပါတယ်။ သက်တမ်းတစ်ခါတိုးတိုင်းလည်း အဲဒီလို အစီရင်ခံရမှာပါ။

စကတည်းက ယဉ်သကို၊ အာဏာသိမ်းတာဟာ အခြေခံဥပဒေအရလို ဘယ်လိုပဲဆိုဆို အဲဒီတုန်းကတည်းက ညီမနေခဲ့ဘူးဆိုတာကို လူများစွာက ထောက်ပြခဲ့ကြပြီးပါပြီ။

နောက်ပြီး အခြေခံဥပဒေမှာ သမ္မတသုံးယောက်(သမ္မတနဲ့ ဒုတိယသမ္မတ နှစ်ယောက်) ထားရှိပြီး သမ္မတနေရာတွေ လစ်လပ်နေရင် အမြန်ပဲ အစားထိုးရပါတယ်။ သမ္မတဦးဝင်းမြင့်ကို ဖြုတ်ချလိုက်လို့ ဒုတိယသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက ယာယီသမ္မတလုပ်တယ်ဆိုဦးတော့ လစ်လပ်သွားတဲ့ တစ်ယောက်အတွက် နောက်ထပ်တစ်ယောက်ကို အစားထိုးရမှာပါ။ ဒါပေမဲ့ မရှိခဲ့ဘဲ သမ္မတနှစ်ယောက်နဲ့ပဲ ခပ်တည်တည် လည်ပတ်နေခဲ့ပါတယ်။ တလောက ဦးဟင်နရီဗန်ထီးယူ အနားယူသွားခဲ့လို့ သမ္မတတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီမှာလည်း ခပ်တည်တည်ပါပဲ။

အခုနောက်ဆုံးတော့ တစ်ယောက်တည်းကျန်ရစ်တဲ့ ဦးမြင့်ဆွေလည်း အနားယူတာလိုလို၊ မယူတာလိုလိုနဲ့ မမဆောင်းလုပ်ပြီး ဆေးခွင့်တင်၊ တာဝန်တွေကို စစ်ခေါင်းဆောင်ဆီကို လွှဲခဲ့ပါပြီ။ အခုထုတ်ပြန်ကြေညာမှုမှာ ထင်ထင်ရှားရှားမြင်သာနေတာက အခြေခံဥပဒေရဲ့ ဘယ်ဥပဒေပုဒ်နဲ့အညီဆိုတာမျိုးကို မတွေ့ရတာပါပဲ။ စာအုပ်စိမ်းကြီးကို ခေါင်းပိန်အောင် မွှေနှောက်လှန်လောကြည့်ပေမဲ့ ဘယ်နေရာမှာမှ မတွေ့ရတော့လို့ ဖြစ်ပါလိမ့်မယ်။

ဒါတွေနဲ့ဆက်စပ်ပြီး နောက်ထပ်မေးခွန်းတစ်ခုက လူတစ်ယောက်တည်းကနေ ကာကွယ်ရေးဦးစီးချုပ်တာဝန်ရော၊ သမ္မတာဝန်တွေကိုပါ နှစ်ခုတွဲပြီး ယူလို့ရသလားဆိုတာပါပဲ။ အဲဒီလိုပြဋ္ဌာန်းချက်မျိုးကို ၂၀၀၈ စာအုပ်ထဲမှာ မတွေ့ရပါဘူး။ နောက်ပြီး ဝန်ကြီးချုပ် တာဝန်ဆိုတာလည်း ရှိသေးတယ်။

ပုဒ်မ ၆၃ မှာဆိုထားတာက နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ရပါတယ်။ တစ်ခါ နိုင်ငံ့ဝန်ထမ်းဖြစ်နေရင်လည်း နိုင်ငံဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်တာ ဒါမှမဟုတ် အငြိမ်းစားယူရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို လက်တွေ့မှာလည်း ပြဿနာကတော့ ရှိနေပါတယ်။ နိုင်ငံတော်ကို အရေးပေါ်ကြေညာထားတဲ့ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူလုပ်ဆောင်ရမယ့်တာဝန်တွေကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုရင် ကာ/လုံခေါ်ပြီး တင်ပြရပါမယ်။ ကာ/လုံမှာ သမ္မတကလည်း ရှိဖို့လိုပါတယ်။ အခုဖြစ်သွားတာက ကာချုပ်ကိုယ်တိုင်က သမ္မတ။ ဆိုတော့ သူကပဲ သူ့ကိုယ်သူ ပြန်တင်ပြမယ့်သဘောလေလားလို့ တွေးကြည့်စရာပါ။ ဒါမှမဟုတ်ရင်လည်း ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တခြားတစ်ယောက်ကို လွှဲပြောင်းပေးဖို့လိုပါလိမ့်မယ်။ တစ်ဖက်မှာလည်း ကာကွယ်ရေးဦးစီးချုပ်နေရာလစ်လပ်ရင် ကာ/လုံရဲ့ အဆိုပြုချက်နဲ့ သမ္မတကပဲ ခန့်အပ်ရပါတယ်။

တကယ်လို့ အရေးပေါ်ကာလအတွင်း ပေးအပ်ထားတဲ့ တာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်က ကျွေပြွန်အောင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုရင်လည်း အဲဒါကို သမ္မတကနေ ကာ/လုံနဲ့ ညှိနှိုင်းပြီး အရေးပေါ်ကြေညာထားတဲ့အမိန့်ကို ပယ်ဖျက်ရမှာပါ။ ဒီတော့ အဲဒီလိုလုပ်မယ်ဆိုရင်လည်း တင်ပြမယ့်ကာချုပ်ရယ်၊ အမိန့်ပယ်ဖျက်မယ့် သမ္မတရယ် နှစ်ယောက်လိုပါတယ်။ ဒီတော့ ဒီဇာတ်လမ်းမှာ သမ္မတအဖြစ် သူက သရုပ်ဆောင်မယ်ဆိုရင် တပ်ချုပ်နေရာအတွက် တခြားတစ်ယောက်လိုနေပါတယ်။ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်နေရင်လည်း မပြောတတ်ဘူးပေါ့။

တကယ်တော့ ၂၀၀၈ အခြေခံဥပဒေက အလုပ်ဖြစ်မနေခဲ့တာ ကြာပါပြီ။ တိုင်းရင်းသားတွေအပါအဝင် လူအများကလည်း လက်မခံခဲ့တာဟာ စပြီး သန္ဓေတည်ကတည်းကပါပဲ။ အခုကိစ္စမှာတော့ ပိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့တာပါပဲ။

အလုပ်မဖြစ်တော့တဲ့ အခြေခံဥပဒေမှာ ဘယ်လိုပဲ ဆိုဆို၊ မဆိုဆို အခုဖြစ်ခဲ့တဲ့ အခြေအနေတွေကို သုံးသပ်မယ်ဆိုရင်တော့လည်း စစ်လည်းရှုံး၊ နိုင်ငံရေးအရလည်း ရလဒ်မထွက်တဲ့ စစ်ခေါင်းဆောင်ရဲ့ အခုလုပ်ရပ်ဟာ ရှေ့ဆက်ပြီး အသက်ဆက်ဖို့ ဇာတ်လမ်းထွင်၊ ဇာတ်ကြောင်းဆင်တာပဲ ဖြစ်ပါလိမ့်မယ်။ စစ်ခေါင်းဆောင်အဖြစ်နဲ့ အရှက်ကွဲခဲ့ရသူဟာ ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်းစွပ်ကြည့်တာဖြစ်ပါလိမ့်မယ်။

သံယံ